DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံမြို့ပေါ်တွင် WFP ကလှူဒါန်းသည့် ဆန်အိတ်များ ပြင်ပဈေးကွက်အတွင်း ပြန်ရောင်းချနေ
DVB
·
May 30, 2022
ဖယ်ခုံမြို့ပေါ်တွင် WFP ကလှူဒါန်းသည့် ဆန်အိတ်များ ပြင်ပဈေးကွက်အတွင်း ပြန်ရောင်းချနေ
1 / 2
Donate to DVB

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က မြန်မာပြည်သူတွေအတွက် ပေးအပ် လှူဒါန်းခဲ့တဲ့ ဆန်အိတ်တွေ ဈေးကွက်အတွင်းပြန်ရောင်းချမှုတွေရှိနေတယ်လို့ ကရင်နီဒေသခံ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့ထံက သိရပါတယ်။

ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က ပြည်တွင်းစစ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနိုင်ဖို့ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့ပေါ်က ကုန်စုံဆိုင်တဆိုင်မှာ  ဆန်တွေသွားဝယ်ရာမှာ WFP တံဆိပ်နဲ့ ဆန်အိတ်တွေကိုတွေခဲ့လို့ ဝယ်ယူပြီး လိုအပ်တဲ့စစ်ဘေးရှောင်တွေထံ ပြန်လှူခဲ့တယ်လို့ ကွန်ရက်အဖွဲ့ဝင်တဦးက ပြောပါတယ်။

WFP တံဆိပ်ပါ UN ဆန်အိတ် တအိတ်ကို ကျပ်ငွေ ၃၅,၀၀၀ နှုန်းနဲ့   ဆန်အိတ်ပေါင်း  ၉ အိတ် စုစုပေါင်း ကျသင့်ငွေ ကျပ် ၃၁၅,၀၀၀ ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။ 

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးတဲ့နေရာမှာ တကယ်လိုအပ်တဲ့နေရာမှာထိရောက်စွာပေးနိုင်ဖို့ ပြန်လည်သုံးသပ်ဖို့ လိုတယ်လို့  ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်အဖွဲ့ဝင်က ပြောပါတယ်။

“ဘာပြောချင်လဲဆိုရင်တော့ သူတို့ ယူအန် WFP အနေနဲ့ သူတို့ လူသားချင်းစာနာမှု အကူအညီနဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးတာ ထိရောက်မှုမရှိဘူးလို့ ကျနော်တို့တော့ မြင်တယ်။ တကယ့်မြေပြင်မှာ လိုအပ်နေတာက တခြားတနေရာပေါ့နော်။ မလိုအပ်တာက တခြားတနေရာ သူတို့ ဖြန့်ပေးနေတာပေါ့။ လိုအပ်တဲ့နေရာကို သူတို့ ထိထိရောက်ရောက် မပေးနိုင်ဘဲ ဒီရဲ့ မြို့ပေါ်မှာ သိပ်မခက်ခဲဘဲနဲ့ အေအေးဆေးဆေးနေနိုင်တဲ့ မြို့ပေါ်က လူတွေကိုပဲ ပေးတော့ ဒါ ထိရောက်မှု မရှိဘူးလို့လည်း ပြောနိုင်တယ်ပေါ့။ ဒါကြောင့် သူတို့ရဲ့ လူသားချင်းစာနာတဲ့ အကူအညီနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့လိုအပ်တယ်။ အရေးတကြီး အစီအစဉ် ပြန်ပြောင်းဖို့ လိုအပ်တယ်လို့ ထင်တယ်။” 

လက်ရှိ WFP ကနေပြီးနေ ဖယ်ခုံနဲ့ လွိုင်ကော်မြို့ပေါ်မှာ လူသားချင်းစာနာထောက်ထားမှုအကူညီ အနေနဲ့ တအိမ်ကို ဆန်တအိတ်စီ လိုက်လံဝေပေးနေတာလို့ မြို့ခံတွေက ပြောပါတယ်။ 

မြို့ခံတချို့က အခု WFP က ဝေပေးတဲ့ဆန်တွေဟာ ဆန်ကြမ်းဖြစ်လို့ဆိုပြီး မစားနိုင်လို့ ပြန်ရောင်းကြတာလို့ ဒေသခံတွေက ပြောပါတယ်။ 

နောက်ထပ်ဒေသခံ စစ်ရှောင်ကူညီသူတဦးက “သူတို့ ပြောပါလိမ့်မယ်၊ ဆန်လက်ခံရရှိသူတွေကသာ တင်ရောင်းတာပါတို့၊ ဘာတို့။ ဒါပေမဲ့ World Food Program ရဲ့ ထောက်ပံ့မှုက ဘယ်ကလာလဲ၊ ဘယ်လိုလုပ်ရလဲ၊ ဘယ်လိုဟာတော့ တားမြစ်တယ်ဆိုတဲ့ အသိပညာပေးမှုအပိုင်းမှာတော့ အားနည်းခဲ့တယ်ဆိုတာ ဝန်ခံရပါလိမ့်မယ်” လို့ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး WFP တာဝန်ရှိသူတွေထံကိုတော့ ဆက်သွယ်မေးမြန်းနိုင်တာ မရှိသေးပါဘူး။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ ဒိန်းမတ်သံရုံးက တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ  ကရင်နီစစ်ဘေးရှောင် ပြည်သူတွေအတွက်  WFP က အရေးပေါ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတဲ့  ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့တွေကို အတူသွားရောက် လေ့လာခဲ့ပါတယ်။

အလှူရှင်နိုင်ငံတနိုင်ငံဖြစ်တဲ့ ဒိန်းမတ်သံရုံးက  သံရုံးအကြီးအကဲ Mr Anders Graugaard က  “ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာလာကြရတဲ့ ပြည်သူတွေရဲ့ ဒုက္ခကို မြင်ရတာ ကျနော် စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့အားလုံးက အသက်မွေးဝမ်ကျောင်းလုပ်ငန်းတွေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် ကိုယ့်အိမ် ကိုယ့်ရွာကို ဘေးကင်းကင်းနဲ့  ပြန်ချင်နေကြတယ်။ ကျနော်တို့ ဒိန်းမတ်နိုင်ငံအနေနဲ့ WFP က အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စားနပ်ရိက္ခာထောက်ပံ့ရေးအစီအစဥ်ကနေတစ်ဆင့် နေရပ်စွန့်ခွာလာရသူတွေ  မရှိမဖြစ်လိုအပ်တဲ့ စားနပ်ရိက္ခာအကူအညီကို ထောက်ပံ့ရတဲ့အတွက် ဝမ်းသာမိပါတယ်။”လို့ သံရုံးရဲ့ လူမှုကွန်ရက်မှာပြောထားပါတယ်။

မြန်မာနိုင်ငံအတွင်း အ‌ရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ၂၀၂၂ ခုနှစ်အစောပိုင်းမှာ ဒိန်းမတ်နိုင်ငံက ဒိန်းမတ်ခရိုနာ ၂၅ သန်း (အမေရိကန်ဒေါ်လာ ၃ ဒသမ ၈သန်း) ကို WFP သို့ ပံ့ပိုးကူညီခဲ့တယ်လို့လည်းဆိုပါတယ်။

WFP ဟာ ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ ပင်းတယမြို့နယ်နဲ့ တောင်ကြီးမြို့နယ်မှာ လတ်တ‌လောခိုလှုံနေတဲ့ ကရင်နီ(ကယား)ပြည်နယ်မှ နေရပ်စွန့်ခွာလာရသူတွေအတွက် စားနပ်ရိက္ခာများဖြန့်ဖြူးပေးနေပြီး တောင်ကြီးမြို့မှာလည်း ရုံးခန်းနဲ့ စားနပ်ရိက္ခာ သိုလှောင်ရုံတစ်ခုကို အ‌ခြေစိုက်ဖွင့်လှစ်ထားပါတယ်။

ကရင်နီ(ကယား)ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွင်း ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေသခံ သောင်းချီထွက်ပြေး တိမ်းရှောင်နေရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် ကရင်နီ(ကယား)ပြည်နယ်နဲ့ ရှမ်းပြည်နယ် ဖယ်ခုံ၊ မိုးဗြဲမြို့နယ်ထဲက ဒေသခံ ၂ သိန်းကျော်  အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေကြရတာ ဖြစ်ပါတယ်။ 

Photo -UN

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013