
၆၄ နှစ်ပြည့် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ရန်ကုန်မှာ တော်လှန်လူငယ်တွေက “7-7-62 DON’T FORGET” ဆိုတဲ့ စာတန်းပါ တီရှပ်တွေ ဝတ်ဆင်ပြီး ဒီကနေ့ ဇူလိုင် ၇ ရက်မှာ လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုကိုတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု-AJAY က တော်လှန်လူငယ်တွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု-AJAY "ခေတ်ခေတ်အဆက်ဆက် အာဏာရှင် စနစ်ရဲ့ ကျောင်းသားထုနှင့် ပြည်သူလူထုအပေါ် ဖိနှိပ်ရက်စက်မှုများနှင့် လက်နက်အားကိုးဖြင့် အဓမ္မ အနိုင်ကျင့် သတ်ဖြတ် အကျဉ်းချမှုများကို ပေါ်လွင်စေချင်တာကြောင့်ရော၊ ခေတ်အဆက်ဆက် ကျောင်းသား၊ လူထုက အန်တုဖီဆန် တော်လှန်နေဆဲဖြစ်ကြောင်းကို ဒီလှုပ်ရှားမှုဖြင့် ထုတ်ဖော်လှုံ့ဆော်ရခြင်း ဖြစ်တယ်" လို့ က ဆိုပါတယ်။
၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်က စစ်အာဏာရှင်ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အုပ်စုဟာ နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ မတရားလုယူခဲ့ပြီး တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်းကာ ဖိနှိပ်ချုပ်ချယ်တဲ့ ကျောင်းဆောင်စည်းကမ်းတွေ ထုတ်ပြန်ခဲ့တာကြောင့် ဆန့်ကျင်တဲ့အနေနဲ့ ကျောင်းသူကျောင်းသား ၅,၀၀၀ လောက်ဟာ ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။
အဲ့ဒီဆန္ဒပြပွဲကို အာဏာရှင်ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ အစိုးရအဖွဲ့က အကြမ်းဖက်နှိမ်နင်းခဲ့ရာ ကျောင်းသား ၁၀၀ ကျော် သေဆုံးပြီး ထောင်ချီ ဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်ရပ်ဟာ အခုဆိုရင် ၆၄ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။










