DVB Logo
Home
မြန်မာသတင်း
ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် စားဆီတင်ပို့မှုအတွက် လိုင်စင်လျှောက်ထားရမည်
DVB
·
May 30, 2022
ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် စားဆီတင်ပို့မှုအတွက် လိုင်စင်လျှောက်ထားရမည်
Donate to DVB

လာမယ့် သြဂုတ် ၁ ရက်ကစပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံနဲ့ စားဆီတို့ကို ပို့ကုန်လိုင်စင် လျှောက်ထားရယူပြီးမှ ပြည်ပတင်ပို့ခွင့်ပြုမယ်လို့ စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ပို့ကုန်လိုင်စင် လျှောက်ထားဖို့လိုတဲ့ ကုန်စည်တွေထဲမှာ ပဲမျိုးစုံ၊ မြေပဲ၊ နှမ်း၊ ပဲပုတ်စေ့၊ နေကြာစေ့၊ မုန်ညင်းစေ့နဲ့ ဆီထွက်သီးနှံ အစေ့အဆံတွေ၊ ပဲပုတ်ဆီ၊ သံလွင်ဆီ၊ ဆီအုန်း ၊မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ မုန်ညင်းဆီနဲ့ ဟင်းသီးဟင်းရွက်အဆီ စတဲ့ ဆီအမျိုးမျိုး ပါ၀င်ပြီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ် စတဲ့ ကုန်စည်တွေလည်း ပါ၀င်ပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနရဲ့ အဆိုအရ အဲဒီကုန်စည်တွေ ပြည်ပကို တင်ပို့ရာမှာ စနစ်တကျ တင်ပို့နိုင်ဖို့၊ နိုင်ငံတကာ စားသုံးဆီရောင်းလိုအား နည်းခြင်းကြောင့် ပြည်တွင်းစျေးနှုန်းပေါ် သက်ရောက်မှု လျော့ကျစေဖို့နဲ့ ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးတို့အတွက် ဆီထွက်သီးနှံနဲ့ စားဆီတင်ပို့မှုတွေကို ထိန်းညှိနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် ပို့ကုန်လိုင်စင်လျှောက်ထားဖို့လိုတဲ့ ကုန်စည်ထဲက ဘယ်ကုန်စည်ကိုမဆို ပြည်ပကို ပင်လယ်ရေကြောင်း၊ လေကြောင်းဖြစ်စေ၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကဖြစ်စေ တင်ပို့မယ်ဆိုရင် ဩဂုတ် ၁ ရက်ကစပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ပို့ကုန်လိုင်စင် လျှောက်ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုတော့မယ်လို့ ဆိုပါတယ်။

အခုလို ပို့ကုန်လိုင်စင် လျှောက်ထားဖို့လိုတဲ့ ကုန်စည်လိုင်းတွေ ထပ်ထိုးသတ်မှတ်လိုက်တာကြောင့်   ပြည်ပတင်ပို့ရာမှာ အချိန်ကြန့်ကြာမှုတွေ ရှိလာနိုင်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

“အဓိကက စားအုန်းဆီ တင်သွင်းတာကို လျှော့ချချင်လို့ ဆီထွက်ကုန်ကြမ်းတင်ပို့တာကို လိုင်စင်နဲ့ ကန့်သတ်တဲ့သဘောပဲ။ export ဘယ်လောက် သွားနေတယ်ဆိုတာကိုလည်း ဒေတာအတိအကျ လိုချင်ပုံရတယ်။ အခုလို လိုင်စင်နဲ့ ကန့်သတ်တော့ အချိန်တွေ ပိုကြန့်ကြာလာမယ်။ လွယ်ကူမြန်ဆန်မှု မရှိတော့ဘူးပေါ့” လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက သူ့လက်ထက်မှာ စားအုန်းဆီ တင်သွင်းမှုကို လျှော့ချဖို့ မူဝါဒချ ဆောင်ရွက်နေတာ ဖြစ်ပြီး မြန်မာနိုင်ငံကို ပြည်တွင်းစားဆီ ဖူလုံပိုလျှံရုံမက စားသုံးဆီ အဓိကတင်ပို့တဲ့နိုင်ငံအဖြစ်ပါ ရပ်တည်နိုင်ဖို့ ဆောင်ရွက်မယ်လို့ ကြွေးကြော်ထားပါတယ်။

ဆီထွက်သီးနှံကဏ္ဍမှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ဦးစားပေးအနေနဲ့ ဖိတ်ခေါ်ထားသလို၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးကော်မတီတရပ်ကို ဖွဲ့စည်းထားပါတယ်။

ဆီထွက်ကုန်ကြမ်းဖြစ်တဲ့ မြေပဲနဲ့ နှမ်း ပြည်ပတင်ပို့မှုကိုလည်း ပြီးခဲ့တဲ့ မေ ၉ ရက်ကစပြီး ခေတ္တဆိုင်းငံ့ထားတာပါ။

ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းဇယားအရ ပို့ကုန်လိုင်စင် လျှောက်ထားဖို့ မလိုတဲ့ ကုန်စည်တွေကတော့ အားလူး၊ ခရမ်းချဥ်သီး အပါအ၀င်  ဟင်းသီးဟင်းရွက်တွေ၊ အုန်းသီးဆံ၊ နှမ်းကြတ်စေ့၊ ဖရုံစေ့နဲ့ ဆီကြိတ်ဖတ်တွေ၊ တိရစ္ဆာန်ထွက်ဆီနဲ့ ဖယောင်း စတဲ့ ကုန်စည်တွေပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013