DVB Logo
Home
မြန်မာသတင်း
မြောင်မြို့နယ် ရွာ ၂ ရွာကို စစ်ကောင်စီတပ် မီးရှို့၊ တန့်ဆည်တွင် တိုက်ပွဲဖြစ်ပွား
DVB
·
May 29, 2022
မြောင်မြို့နယ် ရွာ ၂ ရွာကို စစ်ကောင်စီတပ် မီးရှို့၊ တန့်ဆည်တွင် တိုက်ပွဲဖြစ်ပွား
Donate to DVB

စစ်ကိုင်းတိုင်း‌ တန့်ဆည်မြို့နယ်မှာ ဒီနေ့မနက်ပိုင်းက တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မြောင်မြို့နယ်က ကျေးရွာ ၂ ရွာကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်မြို့နယ် နားဋောင်းကျကျေးရွာမှာ ဒီနေ့နက်အစောပိုင်း ၅ နာရီလောက်က တိုက်ပွဲဖြစ်ပွားနေတယ်လို့‌ တိုက်ပွဲဖြစ်ပွားရာ နေရာက ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကောင်စီကနေ ပျူသင်တန်းပေးပြီး ပျူသင်တန်းဆင်းနေတဲ့ ပျူများကို PLA အဖွဲ့က သွားပြီးပစ်ကြတယ်။ သေတာကတော့ ၃၀ ကျော် သေးဆုံးတယ်လို့ ကနဦး သိထားရတယ်။ အဲလိုအတိုက်ခံရတာကြောင့် ဒီကောင်တွေ  ကျွန်းလည်ကျေးရွာက‌နေ တပ်ကူလာကြတယ်။ အဲလိုလာတဲ့ ပျူ၊ စစ်‌ကောင်စီတပ်နဲ့ SAF & TPC အဖွဲ့တို့ တိုက်ပွဲထပ်ဖြစ်တယ်။ တိုက်ပွဲကြာချိန် နာရီဝက်ခန့်ကြာမယ်ဗျ။ အကျအဆုံးကတော့ ပြည်သူ့ကာကွယ်ရေးဘက်က ၂ ဦး တိုက်ပွဲအတွင်းမှာ ကျဆုံးသွားပြီး ၂ ဦး ထိခိုက်ဒဏ်ရာရတယ်ဗျ” လို့ မြေပြင်ကာကွယ်ရေးတပ်တွေနဲ့နီးစပ်သူ‌ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မေ ၂၈ ရက်နေ့က ရေဦးမြို့နယ်ကနေ တန့်ဆည်မြို့နယ်ဘက်ကို ပြောင်းရွှေ့လာကာ တန်ဆည်မြို့ပေါ်က အထက (၁) ကျောင်းထဲမှာ တစ်ညတပ်ဆွဲခဲ့ပြီး ဒီနေ့ မေ ၂၉ ရက်နေ့ မနက်ခင်းမှာ အင်္ကုက္ကားကျေးရွာဘက်ကို ပြောင်းရွှေ့တပ်ဆွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောင်မြို့နယ်က ကျေးရွာ ၂ ရွာကိုလည်း မေ ၂၉ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေပူးပေါင်းပြီး မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ ဇရပ်ကန်ရွာဘက်ကို စစ်(...) အင်အား ၈၀ လောက်ဟာ မနေ့က ည ၈ နာရီလောက်ကတည်းက သေနတ်တွေ အဆက်မပြတ် ပစ်ခတ်ပြီးဝင်ရောက်ကာ ညအိပ်စခန်းချကြတယ်ဗျ။ ဒီကနေ့မနက် ၇ နာရီခွဲလောက်ကျတော့ ရွာကိုမီးရှို့ဖျက်ဆီးကြတာ။ ကျနော်တို့လည်း အသက်လုပြီး ဘေးလွတ်ရာကို ထွက်ပြေးလာရလို့ မီးခိုးလုံးတွေ မီးတောက်တွေ အဝေးကနေ လှမ်းမြင်နေရပြီး အိမ်ခြေ ဘယ်လောက်မီးလောင် သွားတယ်ဆိုတာ အတိကျမသိရသေးဘူး” လို့ ဇရပ်ကန်ရွာသားတယောက်က ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် မနေ့ညနေပိုင်းကတည်းက တရွာလုံးထွက်ပြေးခဲ့ကြရပြီး တချို့က တောထဲတွေမှာ အမိုးအကာမရှိနေနေကြသလို တချို့ကတော့ ဆွေမျိုးသားချင်းတွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဇရပ်ကုန်းရွာဘက်ကနေ မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့ မနက် ၁၁ နာရီလောက်မှာ တမဆေးကန်ရွာ ဘုန်းကြီးကျောင်းမှာတပ်စွဲပြီး တမဆေးကန်(အနောက်ရွာ) ကို မီးရှို့ဖျက်ဆီးနေကြတယ်လို့ တမဆေးကန်ရွာ ဒေသခံတယောက်က ပြောပါတယ်။

“ကျနော်တို့ရွာက ပြည်သူတွေလည်း မနေ့က ညနေပိုင်းကတည်းက ဘေးလွတ်ရာကို ထွက်ပြေးလာခဲ့ရတာ။ အိမ်ခြေဘယ်လောက်တောင် မီးလောင်သွားပြီလဲ မသိရဘူး။ ပြည်သူလူထုရဲ့ ချွေးနဲစာနဲ့ တည်ဆောက်ထားတဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့ စစ်(..)တွေ ဝဋ်လည်မှာပါ။” 

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ CDSOM ကတော့ စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ဇရပ်ကန်ရွာကို ဒေသခံတွေနဲ့ ပူးပေါင်းကာ မီးငြှိမ်းသတ်ပေးနေပြီး တမဆေးကန်၊ မကျည်းကန်၊ နဘက်နဲ့ တွင်းကြီးကျေးရွာက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ကြိုတင်ရှောင်တိမ်းကြဖို့ ဒီကနေမနက်ပိုင်းမှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

မြောင်မြို့နယ်ထဲမှာ မေ ၁၈ ရက်နေ့ကနေ မေ ၂၁ ရက်နေ့ထိ စစ်ကောင်စီတပ်တွေစ စ်ကြောင်းထိုးပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် ကျေးရွာ ၇ရွာက နေအိမ် ၁၄၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာဟာ သူတို့ရဲ့ လက်ချက်မဟုတ်ဘူးလို့ အမြဲတမ်းငြင်းဆန်လေ့ရှိသလို PDF တပ်ဖွဲ့တွေကသာ မီးရှို့ဖျက်ဆီးနေတာလို့ သတင်းစာရှင်းလင်းပွဲတွေမှာ စွပ်စွဲပြောဆိုလေ့ရှိပါတယ်။

မကွေးတိုင်းဒေသကြီးမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဧပြီ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၇၅၀၃ လုံးမီးလောင် ဆုံးရှုံးခဲ့တယ်လို Data For Myanmar က မေလ ၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013