DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ၄ ဆခန့် မြင့်တက်
DVB
·
May 29, 2022
မွန်ပြည်နယ်၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ၄ ဆခန့် မြင့်တက်
Donate to DVB

မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အခုလအတွင်း ၄ ဆနီးပါး မြင့်တက်လာသလို သေဆုံးမှုတွေလည်း ရှိလာတဲ့အတွက် ကလေးသူငယ်တွေမှာ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာ ပြသရင် နီးစပ် ဆေးရုံ၊ဆေးခန်းတွေမှာ အမြန်ဆုံး တက်ရောက်ကုသပေးကြဖို့ ဆရာဝန်တွေက တိုက်တွန်းလိုက်ပါတယ်။ 

သွေးလွန်တုပ်ကွေးရောဂါဟာ ရေကြည်ရေသန့်မှာ ပေါက်ဖွားတဲ့ ခြင်ကျား ကိုက်ခံရတာကတဆင့် ကူးစက်တဲ့ ရောဂါဖြစ်ပြီး အချိန်မီမကုသရင် အသက်သေဆုံးတဲ့ထိ ဖြစ်ပေါ်နိုင်ပါတယ်။

မွန်ပြည်နယ်မှာတော့ အခုနှစ် မေလတတိယအပတ်ထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတဲ့ ကလေးသူငယ် ၃၀၀ ကျော်ထိ ရှိလာခဲ့တာပါ။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအရ ပြီးခဲ့တဲ့လတွေတုန်းက တပတ်ကို ကလေးသူငယ် ၁၀ ဦးလောက်သာ ရောဂါဖြစ်ပွားခဲ့ပြီး အခုမေလမှာတော့ တပတ်ကို အယောက် ၄၀ လောက်ထိ ကူးစက်ခံနေရသလို သွေးလွန်တုပ်ကွေး ရောဂါကြောင့် ကလေးငယ်တဦး သေဆုံးထားပါတယ်။

ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက “သွေးလွန်တုပ်ကွေးက အရင်က တလမှာ တပတ်တပတ်လောက်ကို လူနာ ၁၀ ယောက်ကနေ ၁၅ ယောက်ကြားကနေ အခုဆို တပတ်တပတ်ကို လူနာ အယောက် ၃၀၊ ၄၀ ဖြစ်လာတာကို ကျနော်တို့ တွေ့ရတယ်။ ဖြစ်ပွားနှုန်းက  ၄ သောင်းလောက်တော့ တက်လာတယ်။ သေဆုံးနှုန်းကတော့ စာရင်းဇယားအရ ၁ ယောက်ပေါ့။ ”လို့ ပြောပါတယ်။

ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအရ မော်လမြိုင်၊ ပေါင်နဲ့ ချောင်းဆုံမြို့နယ်တို့မှာ အများဆုံး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ကြိုတင်ကာကွယ်ရင်နဲ့ ကုသနိုင်တဲ့ ရောဂါဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ နေအိမ်ပတ်ဝန်ကျင်းမှာ ဖုံး၊သွန်း၊လဲ၊ စစ် ပုံမှန် ဆောင်ရွက်ပေးကြဖို့နဲ့ ကလေးသူငယ်တွေ ဖျားနာရင် အထူးဂရုစိုက်ကြဖို့ တိုက်တွန်းပါတယ်။

ဆရာဝန်တဦးကတော့ အခုကာလမှာ ကလေးသူငယ်တွေ ရက်ရှည်ဖျားနာပြီးနောက် အစားမစာတာ၊ အန်တာ၊ ခန္ဓာကိုယ်မှာ အနီစက်တွေ ထွက်ပေါ်လာတာစတဲ့ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာ ပြသရင် နီးစပ် ဆေးရုံ၊ဆေးခန်းတွေမှာ အမြန်ဆုံး တက်ရောက်ကုသပေးကြဖို့ တိုက်တွန်းတာပါ။

“ကလေးဟာ အဖျားရက်ရှည်မယ်၊ အဖျားကြီးမယ်။ နောက်အစာမဝင်ဘူး၊ အန်တာများမယ်။ အန်ရင် ကော်ဖီရောင်လို သွားမယ်။ နှာခေါင်းသွေးလျှံမယ်။  ဝမ်းမည်းမည်းသွားမယ်။ နောက်သွေးလန့်တဲ့လက္ခဏာပေါ့ သွေးပေါင်ကျမယ်။ ကလေးက အဖျားကျပြီးတော့ အရမ်းမှိန်းမယ်၊  မလန်းဘူးဆိုရင် စိုးရိမ်ရမယ့်အခြေအနေ အဲဒါဆိုရင် သေသေချာချာ ကုသရမယ်။” 

သွေးလွန်တုပ်ကွေးရောဂါဟာ အခုနှစ်မှာ Outbreak ဖြစ်တဲ့ထိ ထူးကဲစွာ အများအပြား ကူးစက်ခံရနိုင်တယ်လို့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လက်ရှိကာလမှာတော့ ကလေးသူငယ်တွေ ဖျားနာပြီးနောက် သွေးလွန်တုပ်ကွေး ရောဂါ ရှိ မရှိ စစ်ဆေးကြည့် ကလေးသူငယ်အများစုမှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံနေရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့နှစ်က သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၅၄၀၀ ကျော်ထိ ရှိပြီး အဲဒီထဲမှာ ကလေးသူငယ် ၃၆ ဦး သေဆုံးထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013