DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါနှင့် ဖောင်းပြင်ရှိ PDF စခန်းများကို စစ်တပ်ကရဟတ်ယာဉ်ဖြင့် တိုက်ခိုက် PDF ၇ ဦးကျဆုံး
DVB
·
May 28, 2022
ဂန့်ဂေါနှင့် ဖောင်းပြင်ရှိ PDF စခန်းများကို စစ်တပ်ကရဟတ်ယာဉ်ဖြင့် တိုက်ခိုက် PDF ၇ ဦးကျဆုံး
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ မေ ၂၆ ရက်မနက်က  မြစ်သာရေလှောင်တမံ ဧည့်ရိပ်သာမှာ တပ်စွဲထားတဲ့ ဒေသခံ PDF နဲ့ YDF စခန်းတွေကို  စစ်ကောင်စီတပ်တွေက  ရဟတ်ယာဉ်တွေပေါ်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ PDF ရဲဘော် ၇ ယောက်ကျဆုံးခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေ ၅ စီးနဲ့  အချိန် ၂ နာရီလောက်  လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး  ဘုရားကုန်း(ဆည်ဦးစေတီ)မှာ စစ်‌ကောင်စီတပ်သားတွေ လာချထားတဲ့အတွက် PDFရဲဘော်တွေဘက်ကလည်း  ပြန်လည်ခုခံတိုက်ခိုက်ခဲ့တယ်လို့  ဂန့်ဂေါ PDF ကပြောပါတယ်။

တိုက်ပွဲဟာပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကရော မြေပြင်ကပါ အင်အားအများအပြားနဲ့ တိုက်ခိုက်ခဲ့တာကြောင့် PDF တပ်တွေ လက်နက်အင်အားမမျှလို့ ဆုတ်ခွာလာခဲ့ကြရပြီး တပ်ဖွဲ့ဝင် ၇ ယောက်ထက်မနည်း ကျဆုံးခဲ့တယ်လို့ ဂန့်ဂေါပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ရဟတ်ယာဉ်တွေနဲ့ လက်နက်ကြီးလက်နက်ငယ်တွေ တရစပ်ပစ်ခတ်နေတဲ့ကြားက မိမိအသက်ကို ပဓာနမထားဘဲ ရဲဝံ့စွာပြန်လည်တိုက်ခိုက်ခုခံရင်း ကျဆုံးတဲ့ ရဲဘော်များအတွက် အထူးဝမ်းနည်းကြေကွဲရကြောင်း ဂန့်ဂေါ PDFက ထုတ်ပြန်ကြေညာထားပါတယ်။

ဂန့်ဂေါမြို့နယ်မှာ အချိန်မရွေးတိုက်ပွဲထပ်ဖြစ်နိုင်လို့ မိဘပြည်သူတွေအနေနဲ့ ဂန့်ဂေါ-ထီးလင်းလမ်းပိုင်းနဲ့ မြစ်သာတမံဆည်ပေါ် မသွားကြဖို့လည်း  ဂန့်ဂေါ PDF  သတိပေးထား ပါတယ်။

အဆိုပါတိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့မီဒီယာတွေကလည်း သတင်းထုတ်ထားပြီး PDF ၇ ယောက် ကျဆုံးကာ လက်နက်အများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁၀၀၀‌ကျော်ဟာ ဘေးလွတ်ရာတောတောင်ဒေသတွေမှာ သွားရောက်ထွက်ပြေးခိုလှုံနေကြရပြီး စားဝတ်နေရေး အခက်အခဲကြုံတွေ့နေကြရကာ ဆည်ထဲကို ဆင်းပုန်းရှောင်ရင်း သေဆုံးသူတချို့လည်း ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဖောင်းပြင်မြို့နယ်မှာလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲ့ စခန်းကို မေလ ၂၆ ရက် ညနေပိုင်း စစ်ကောင်စီတပ် အင်အားအများအပြားနဲ့  မြေပြင်ထိုးစစ်ဆင်သလို လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တယ်လို့ ဖောင်းပြင် PDF က ပြောပါတယ်။

ဖောင်းပြင် PDF စခန်း စီးနင်းတိုက်ခိုက်ခံရတာကြောင့် ရဲမေ ၃ ဦးအပါအဝင် ရဲဘော် ၇ ဦး ကျဆုံးခဲ့တယ်လို့သိရပေမဲ့  သေဆုံးမှုအခြေအနေနဲ့ ပတ်သက်လို့ ဖောင်းပြင် PDF ကတော့ အတည်ပြုထုတ်ပြန်တာ မရှိသေးပါဘူး။

“ဖောင်းပြင် PDF စခန်းကို လေကြောင်းရော မြေပြင်ကပါ အင်အား အများကြီးနဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။ ဖောင်းပြင်ကို ခဏတာ အသာစီးရပေမဲ့ စစ်ကိုင်းတိုင်းထဲမှာ မင့်တို့ အနာကြီးနာနေတဲ့ နေရာတွေ အများကြီးပါ ”လို့ ဖောင်းပြင် PDF အဖွဲ့ကဆိုပါတယ်။

မေလ ၂၆ ရက် ညနေ ၃ နာရီအချိန် စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် ရွှေထီးကုန်းကျေးရွာအနီးရှိ PDF စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားကာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦး အလောင်း ၇ လောင်း လက်နက်ခဲယမ်းတွေနဲ့အတူ စခန်းတစ်ခု သိမ်းပိုက် ရရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က  သတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013