
မြန်မာ-လာအို လျှပ်စစ်ကဏ္ဍပူးပေါင်ဖို့နဲ့ နယ်စပ် မဲခေါင်မြစ်တလျှောက် ရေအားလျှပ်စစ်စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်ခြေစူးစမ်းလေ့လာမှုဆိုင်ရာ ပူးတွဲသဘောတူစာချုပ်ကို ဇူလိုင် ၄ ရက်နေ့က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာရှင်အစိုးရအဖွဲ့ရဲ့ လာအိုခရီးစဉ်အတွင်း လက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်အစိုးရရဲ့ လျှပ်စစ်နဲ့စွမ်းအင် ဒုတိယဝန်ကြီး ဦးအေးကျော်က နှစ်နိုင်ငံ နယ်စပ်မြစ်ဖြစ်လို့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းလမ်းတွေနဲ့ ဒေသထုံးတမ်းစဉ်လာတွေကို လေးစားလိုက်နာဆောင်ရွက်သွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဘက်က Primus Sapphire Power Co., Ltd. နဲ့ လာအိုနိုင်ငံဘက်က Phongsupthavy Group Sole Co., Ltd. တို့က ခန့်မှန်းတပ်ဆင်အင်အား ၂,၇၉၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မဲ့ ရေအားလျှပ်စစ်စီမံကိန်း ဖြစ်နိုင်ခြေစူးစမ်းလေ့လာမှုလုပ်ငန်းတွေကို ၃၄ လအတွင်း ပြီးစီးအောင် ဆောင်ရွက်ဖို့ ပူးတွဲသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က လာအိုနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်နေတဲ့အပေါ် လာအိုသတင်းဌာနတွေရဲ့ ဖော်ပြချက်အောက်မှာတော့ မြန်မာပြည်သူတွေက ကန့်ကွက်တဲ့မှတ်ချက်များစွာကို ရေးသားခဲ့ကြပါတယ်။










