
စစ်အာဏာရှင်တပ်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စက်တင်ဘာ ၁၂ ရက် ဒီမနက်က ရွှေဆိုင်ဓားပြတိုက်မှုဖြစ်ပြီး ကျူးလွန်သူ ၃ ယောက်ကို ဖမ်းဆီးရမိပြီလို့ ဒေသခံ တွေဆီက သိရပါတယ်။
ကျောက်မဲမြို့ရဲ့ ဗဟိုဈေးမှာရှိတဲ့ ရွှေမိုးရွှေဆိုင်ကို လက်နက်ကိုင်ဆောင်ထားသူတွေက ဓားပြဝင် တိုက်ခဲ့တာဖြစ်ပြီး တားဆီးဖို့ကြိုးပမ်းတဲ့ အရပ်သားတယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရ ပါတယ်။
ဒေသခံတယောက်က “ဓားပြတိုက်တဲ့ ၃ ယောက်ကိုတော့ စစ်တပ်ဘက်က ပြန်ဖမ်းမိပြီလို့တော့ ပြောနေကြပြီပေါ့နော်။ အဲဒီဓားပြတွေကို တားဆီးဖို့ကြိုးစားသူတယောက်နဲ့ ဆိုင်ရှင်နဲ့၊ သေနတ် မှန်ပြီး ဒဏ်ရာရတယ်။ အခုတော့ လူမှုကူညီရေးအသင်းကားနဲ့ ဆေးရုံ ပို့ထားပါတယ်” လို့ DVB ကိုပြောပါတယ်။
လက်နက်ကိုင်ဆောင်ထားသူတွေ ဓားပြဝင်တိုက်ချိန် ဆိုင်ရှင်ဖြစ်သူကို သေနတ်နဲ့ပစ်ခတ်လို့ လက်မောင်း ထိမှန် ဒဏ်ရာရှိခဲ့သလို တားဆီးဖို့ကြိုးစားတဲ့ ဒေသခံတယောက်ကိုလည်း ခြေထောက် ကို သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ သိရပါတယ်။
အဲဒီဓားပြတွေကို ဖမ်းဆီးရမိပြီလို့လည်း ကျောက်မဲလွှတ်တော်အမတ်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
ဓားပြတိုက်ခံရတာကြောင့် ရွှေဆိုင်မှာရှိတဲ့ သိန်းထောင်ချီတန်ဖိုးရှိတဲ့ ရွှေထည်တွေပါသွားခဲ့ပြီး ပစ္စည်းတွေပြန်ရ၊ မရဆိုတာနဲ့ ကျူးလွန်သူတွေကို ဘယ်လိုဖမ်းမိတယ်ဆိုတာကိုတော့ မသိရသေး ပါဘူး။
ကျောက်မဲမြို့ကို TNLA တပ်ဖွဲ့ဆီကနေ စစ်တပ်က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှာ ပြန်လည်ရယူ ထိန်းချုပ်သွားတာဖြစ်ပါတယ်။











