DVB Logo
Home
မြန်မာသတင်း
ယင်းမာပင် စစ်ဘေးရှောင်များ အမိုးအကာမရှိသဖြင့် မိုးရေထဲ ဖြစ်သလို နေထိုင်ကြရ
DVB
·
May 25, 2022
ယင်းမာပင် စစ်ဘေးရှောင်များ အမိုးအကာမရှိသဖြင့် မိုးရေထဲ ဖြစ်သလို နေထိုင်ကြရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက စစ်ဘေးရှောင်တွေဟာ တောထဲမှာ အမိုးအကာမရှိဘဲ မိုးရေထဲမှာဖြစ်သလို နေထိုင်နေကြရပြီး အကူအညီလိုအပ်နေတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။ 

ယင်းမာပင်မြို့နယ်ထဲက အောင်ချမ်းသာ၊ ကံသာ၊ လက်ပံတော၊ မိုးကောင်းကျေးရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ မေလအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေတဲ့အတွက် စစ်ဘေးရှောင်တွေဟာ မိုးရေထဲမှာ ဖြစ်သလို အိပ်နေရတယ်လို့ ယင်းမာပင်ဒေသခံ ဘာမရှောင် PDF အဖွဲ့က ပြောပါတယ်။ အမိုးအကာ၊ ဆေးဝါးနဲ့ ရိက္ခာတွေကို ပြည်သူအချင်းချင်းမျှဝေသုံးစွဲနေရပြီး ရေရှည်ရပ်တည်နိုင်ဖို့ ခက်ခဲနေပါတယ်။

ဘာမရှောင် PDF တပ်ဖွဲ့ဝင်တဦးက "ယင်းမပင်မြို့နယ်မှာတော့ စစ်ဘေးရှောင်တွေအခြေအနေက အောင်ချမ်းသာ၊ ကံသာ၊ လက်ပံတော၊ မိုးကောင်းရွာတွေရှိတယ်။ အဲဒီရွာတွေအကုန်လုံး ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။ မိုးကလည်း မနေ့က ညနေပိုင်းကနေ မနက်ပိုင်းအထိ ရွာနေတာ။ သူတို့ တောထဲတောင်ထဲမှာ အခက်အခဲ တော်တော်တွေ့ရတယ်ဗျ။ အောင်ချမ်းသာကိုဆိုရင် ၂၄ ရက်နေ့ညမှာ ဝင်တာဆိုတော့ အကြမ်းဖက်ပြီး ဝင်တာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ပြည်သူလူထုမှာ ဘာမှပြင်ဆင်မှုမရှိဘဲ ထွက်ပြေးတိမ်းရှောင်ရတာဖြစ်တဲ့အတွက် စားဝတ်နေရေး၊ မိုးကာကအစ မပါဘူးဖြစ်တဲ့ အတွက်ကြောင့်မို့ မိုးရွာထဲမှာပဲ ဖြစ်သလိုအိပ်ရတယ်ပေါ့။ အကုန်လုံး အခက်အခဲဖြစ်နေပါတယ်။ စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်ဆိုပေမယ့်လည်း စစ်ဘေးရှောင်တွေ များလာတာဆိုတော့ အခက်အခဲတွေ တွေ့နေရတာပေါ့” လို့ ပြောပါတယ်။

မေလ ၂၄ ရက် မနက်အစောပိုင်းကနေ မွန်းလွဲ ၁ နာရီဝန်းကျင်အထိ စစ်ကိုင်းတိုင်းထဲက မြို့နယ်တော်တော်များများမှာ ဖုန်းနဲ့ အင်တာနက်လိုင်းအားလုံးကို စစ်ကောင်စီက ဖြတ်တောက်ခဲ့ပါတယ်။ 

စစ်ဘေးသင့်ပြည်သူတွေဟာ စားဝတ်နေရေးခက်ခဲနေတဲ့အပြင် ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်ခံရပြီး သတင်းအမှောင်ကျခဲ့တာကြောင့် စိုးရိမ်ကြောက်လန့်ခဲ့ရတယ်လို့ ဆိုပါတယ်။

ခင်ဦးအနောက်ခြမ်းဒေသခံတဦးက "အဓိကက စစ်ကောင်စီက ပြည်သူတွေကို ဒုက္ခရောက်အောင်လုပ်တာ ဘာလို့လဲဆိုတော့ သူတို့လိုချင်တဲ့ Target ကို ရအောင်မရှာဘဲနဲ့ ပြည်သူတွေကို ဒုက္ခအရမ်းပေးနေတဲ့အတွက် ကျမတို့ပြည်သူတွေမှာ ဒုက္ခအရမ်းရောက်နေပါပြီ။ သူတို့လိုချင်တဲ့လူ သူတို့လိုချင်တဲ့ PDF တို့ ကာကွယ်ရေးတပ်တို့ကို ရအောင်ရှာပြီး သူတို့လိုချင်တဲ့ပုံစံမျိုးနဲ့ တိုက်လို့ရတယ်။ အခုက PDF မဟုတ်ဘူး၊ ကာကွယ်ရေးမဟုတ်ဘူး ပြည်သူလူထုမှာ အသားလွတ်ခံနေရတာ။ လက်နက်ကြီးနဲ့ထုတယ်၊ ရမ်းပစ်တယ်။ အိမ်တွေ မီးရှို့တယ်ဆိုတာ ပြည်သူတွေရဲ့ပစ္စည်းတွေပါ။ ပြည်သူတွေပဲ အမြဲတမ်းခံနေရတာပေါ့နော်။ ဆိုလိုတာက PDF တွေကို လိုချင်တယ်ဆို ရအောင်ရှာပြီးတိုက်ပါ။ ကျမတို့ပြည်သူတွေမှာ ဘာအပြစ်မှမရှိဘဲနဲ့ အသားလွတ်သေပေးနေရတယ်။ အိုးအိမ်တွေ ဆုံးရှုံးနေရတယ်။ အိမ်တလုံးဖြစ်ဖို့ရာ မလွယ်ပါဘူး။ အိမ်တလုံးမပြောနဲ့ ခုချိန်မှာ စားဝတ်နေရေးတောင် ခင်ဦးနယ်က ပြည်သူတွေ အဆင်မပြေဘူးဖြစ်နေကြပါတယ်။"

ဒေသတွင်း PDF မဟာမိတ်တွေက အခွင့်အရေးရရင် ရသလို စစ်ကောင်စီလမ်းကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။ 

မေ ၂၃ ရက်နေ့က ကနီဘက်ကနေ ယင်းမာပင်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီလမ်းကြောင်းကို ဘာမရှောင် PDF နဲ့ YMB ဗိုလ်သံမဏိအဖွဲ့တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၄ ယောက်သေဆုံးပြီး ၆ ယောက်ထက် မနည်းဒဏ်ရာရခဲ့တယ်လို့ PDF တွေက သတင်းထုတ်ပြန်ထားပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲနဲ့ သေဆုံးဒဏ်ရာရတဲ့စာရင်းတွေကိုတော့ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ဖို့ ထပ်မံစုံစမ်းနေပါတယ်။ စစ်ကောင်စီပြန်ကြားရေးကတော့ စစ်ကိုင်းဒေသတွင်း တိုက်ပွဲအခြေအနေတွေကို ပုံမှန်သတင်းထုတ်ပြန်လေ့မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013