DVB Logo
Home
မြန်မာသတင်း
မြောင်နှင့်ယင်းမာပင်က နေအိမ်မီးရှို့ခံရသည့် စစ်ရှောင်ပြည်သူများ အရေးပေါ်အကူအညီ လိုအပ်နေ
DVB
·
May 25, 2022
မြောင်နှင့်ယင်းမာပင်က နေအိမ်မီးရှို့ခံရသည့် စစ်ရှောင်ပြည်သူများ အရေးပေါ်အကူအညီ လိုအပ်နေ
1 / 7
Donate to DVB

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ခံရတဲ့ ကျေးရွာတွေက မီးဘေးသင့် ပြည်သူတွေ အရေးပေါ် အမိုးအကာနဲ့ အဝတ်အထည်၊ ဆေးဝါး အပါအဝင် အစားအသောက် အကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောင်မြို့နယ်ဒေသခံတဦးက “ကျနော်တို့ မြောင်မြို့နယ်အတွင်း အခု မေလမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့တာ ကျေးရွာအများအပြား ခံခဲ့ရတယ်။ အရင် ၂၀၂၁ ခုနှစ်ကလည်း မီးရှို့ခံရတာတွေလည်း ရှိခဲ့တယ်ဗျ။ အခုဟာက ကျေးရွာတွေကို ပိုပြီးဆိုးဆိုးဝါးဝါးကို ဒီကောင်တွေက မီးရှို့လာတယ်။ အရင်တုန်းက မီးရှို့ခံရတဲ့ ရွာကနည်းတော့ သူ့ရွာ၊ ကိုယ့်ရွာကသွားပြီး ထောက်ပံ့တာတွေ လုပ်နိုင်တယ်။ အခုဟာက စစ်ကြောင်းသွားတဲ့ ကျေးရွာတိုင်းကို မီးရှို့ခံရတော့ ဘယ်သူမှ မကူညီနိုင်တော့ဘူးဗျ။ ကိုယ့်ဒုက္ခနဲ့ ကိုယ်ဖြစ်‌နေကြရတယ်။ ကျနော် သိသလောက် ပြောရရင် ဒီမေ ၁၈ ရက်ကနေ ၂၄ ရက်အထိ တပတ်အတွင်း ကျေးရွာ ၁၈ ရွာကို သူတို့ ဝင်ရောက်တယ်၊ လိုချင်တာ ယူတယ်၊ ပြီးတော့ ရွာကို မီးရှို့ကြတယ်ဗျ။ အိမ်ခြေအနေနဲ့ ပြာကျတဲ့ အိမ်က ၄၀၀ ကျော်မယ်။ တပိုင်းတစ လောင်တာတွေရောဆိုရင် အတော်လေးကို များတယ်ဗျ။ အခုအချိန်က မိုးရာသီလည်း ဖြစ်တယ်၊ မိုးကလည်း နေ့တိုင်းလိုလို ရွာနေတော့ အတော်လေးဒုက္ခနေရတယ်။ အဓိကတော့ မိုးကလည်း ရွာနေတာဆိုတော့ အမိုးအကာ လိုအပ်တယ်။ နောက်တော့ အဝတ်အထည်၊ ဆေးဝါးနဲ့ စားသောက်စရာ အဲဒါတွေကတော့ အရေးပေါ်ကို လိုအပ်နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက မြောင်တမြို့နယ်သာမက စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို မီးရှို့နေပြီး နေအိမ်မီးရှို့ခံရတဲ့ စစ်ဘေးရှာင်ပြည်သူတွေဟာ အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်‌ပေးနေတဲ့‌ ရဟိတအဖွဲ့တွေက ပြောပါတယ်။

“ပြည်သူတွေကတော့ အလူးအလဲ ဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ စစ်ကောင်စီက ကျေးရွာတွေကို မီးရှို့တယ်။ အခု ကျနော်တို့ မြောင်တမြို့နယ်မှာတောင် မေ ၁၈ ရက်ကနေ မေလ ၂၄ ရက်နေ့အထိ စစ်ကောင်စီက မီးရှို့တဲ့နေအိမ် ၃၉၃ လုံး၊ ကျေးရွာနဲ့ပြောရင် ၁၈ ရွာမီးရှို့ခံရတာတွေ ရှိတယ်။ ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေကတော့ အရေးပေါ်အကူညီတွေ အလွန်ကို လိုအပ်နေတယ်။ မိုးတွင်းဆိုတော့ စစ်ဘေးရှောင်ရတယ်၊ နေအိမိကို မီးရှို့တာတွေ လုပ်သွားတော့ ပိုဒုက္ခရောက်ရတယ်” လို့ ကူညီနေတဲ့ ပရဟိတသမားတဦးက ပြောပါတယ်။

မေ ၂၄ ရက် မနက် ၁၁ နာရီကျော်လောက်ကလည်း ယင်းမာပင်မြို့နယ် တရော်ကျင်းကျေးရွာက ပြည်သူတွေနဲ့ နေအိမ်အဆောက်အဦတွေကို စစ်ကောင်စီတပ်ဖွဲ့က  အကြောင်းတစုံတရာမရှိဘဲ ဒုတိယအကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၅ လုံး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မေ ၂၃ ရက်နေ့ကလည်း ကနီမြို့နယ် မိုးကောင်းကျေးရွာက နေအိမ် ၂၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာရှိခဲ့တယ်လို့ ဆိုပါတယ်။ 

မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အဲဒီနေ့‌က မိုးကောင်းကျေးရွာအနီးမှာပဲ PDF ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အိမ်ခြေ ၁၈၀ လောက်ရှိတဲ့ တရော်ကျင်းကျေးရွာဟာ ဒုတိယအကြိမ် စစ်ကောင်စီတပ်ရဲ့ မီးရှို့ခံခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့တုန်းကလည်း ပြည်သူတွေရဲ့နေအိမ် ၂၅ လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ရတာကြောင့် စုစုပေါင်း နေအိမ်အလုံး ၄၀ ရှိပြီဖြစ်ပါတယ်။

ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မီးရှို့နေတာလို့ ဒေသခံတွေက ပြောဆိုနေကြပေမဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ PDF အဖွဲ့တွေက ပြုလုပ်တယ်ဆိုပြီး စွပ်စွဲ ပြောဆိုလေ့ရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့‌ မေလ သတင်းစာရှင်းလင်းပွဲမှာလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကိုင်းတိုင်းအတွင်းက PDF တွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမယ်လို့ ပြောဆိုခဲ့ပြီးနောက် မြင်းမူ၊ အရာတော်၊ ရေဦး၊ ခင်ဦး၊ ဘုတလင်၊ ဒီပဲယင်း၊ ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ ကလေး စတဲ့မြို့နယ်တွေမှာ ပြည်တွေရဲ့ နေအိမ်အများအပြား မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013