DVB Logo
Home
မြန်မာသတင်း
မုံရွာ အပါအဝင် စစ်ကိုင်းတိုင်း မြို့နယ်များတွင် အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်
DVB
·
May 24, 2022
မုံရွာ အပါအဝင် စစ်ကိုင်းတိုင်း မြို့နယ်များတွင် အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်
Donate to DVB

စစ်ကိုင်းတိုင်း၊ မြို့နယ်တော်တော်များများမှာ  မေလ ၂၄ ရက် ဒီကနေ့ မနက် ၇ နာရီလောက်ကစပြီး နေ့လယ် ၁ နာရီ ဝန်းကျင်အထိ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်သွားပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာ၊ ကန့်ဘလူ၊ ယင်းမာပင်၊ ရွှေဘိုအပါအဝင် မြို့နယ်တော်တော်များများမှာ ဒီကနေ့ မေလ ၂၄ ရက် မနက် ၇ နာရီဝန်းကျင်ကစပြီး အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်သွားတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။ 

စစ်ကိုင်းတိုင်းထဲ နဂိုကတည်းက အင်တာနက်လိုင်းရနေတဲ့ မုံရွာမြို့မှာပါ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ယာယီပြတ်တောက်သွားခဲ့တာဖြစ်ပြီး တချို့နေရာတွေမှာတော့ နေ့လယ် ၁ နာရီ ဝန်းကျင်လောက်မှာ ပြန်ရခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အင်တာနက် ဖြတ်တောက်ခံထားရတာ လနဲ့ချီ ကြာနေတဲ့ ယင်းမာပင်၊ ကန့်ဘလူနဲ့ ရွှေဘိုခရိုင်တွေထဲက မြို့နယ်တွေပါ ဖုန်းလိုင်းတွေ ပြတ်တောက်ခဲ့ပါတယ်။

အခုလို ဖြစ်တာဟာ  စစ်ကောင်စီက ရွာစဉ်လှည့်မီးရှို့တဲ့သတင်းတွေကို အမှောင်ချချင်တဲ့အတွက် ဖြတ်တောက်တာဖြစ်နိုင်တယ်လို့ မုံရွာမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ယောက်က ခန့်မှန်းပြောဆိုပါတယ်။

စစ်ကောင်စီက မေလဆန်းပိုင်းကစပြီး ရွာတွေကို အကြမ်းဖက်ဝင်ရောက်ရာမှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ကန့်သတ်ဖို့ Jumper စက်တွေကို ရွာတွေအနီးမှာ ဖွင့်ပြီးမှ ဝင်ရောက်လေ့ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ 

မုံရွာဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုစိုးဝင်းဆွေက “ဒီမှာကတော့ ရွာစဉ်လှည့်ပြီး မီးရှို့တဲ့ပြဿနာပေါ့ဗျာ။ နောက်တခုက အရင်ကထက်ပိုပြီးတော့ စစ်ကြောင်းတွေဖိလာတဲ့ ပြဿနာတော့ရှိတယ်ဗျ။ ဒါကတော့ ထင်ရှားတဲ့ပြဿနာတွေပေါ့။ မနေ့ကတည်းက ကျနော်တို့လူတွေနဲ့လည်းအဆက်အသွယ်ပြတ်နေတယ်ဗျ။ မနေ့ ညနေပိုင်းလောက်ကစပြီး မရတာဖြစ်မယ် ထင်တယ်။ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တယ်ဆိုရင်တော့ သူတို့ တစ်ခုခု ဖြတ်လေးဖြတ်ပိုပြီး ဖြတ်တဲ့အနေအထား ရှိတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ရွာစဉ်လှည့်မီးရှို့တဲ့ပြဿနာက နေ့စဉ် စစ်ဘေးရှောင်တွေ တိုးလာတယ်။ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်တဲ့ အသံကလည်း ကမ္ဘာမှာက နိုင်ငံတကာမီဒီယာတွေက အသားပေး ဖော်ပြလာတယ်။ ကျန်တဲ့နိုင်ငံရေးကိစ္စတွေ အသာထားဦး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ကြည့်မယ်ဆိုရင်တောင် နိုင်ငံတကာအသိုင်းအဝိုင်းက လက်မခံနိုင်တဲ့ အနေအထားကြီး ဖြစ်တယ်။ သူတို့အနေနဲ့ သတင်းအမှောင်ချချင်တဲ့သဘော ပါမယ်လို့လည်း ယူဆတယ်ဗျ။”လို့ပြောပါတယ်။

ဒီနက်အစောပိုင်းကစပြီး ကန့်ဘလူ၊ ကောလင်း၊ ကနီ၊ ခင်ဦး၊ ကျွန်းလှ၊ မုံရွာ၊ ပုလဲ၊ ပလက်ဝ၊ ရေဦး၊ ယင်းမာပင်မြို့နယ်တွေမှာ အင်တာနက်နဲ့ဖုန်းလိုင်းတွေ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေခဲ့တာပါ။ စစ်ကိုင်းတိုင်းမှာ နဂိုကတည်းက အော်ရီဒူးတစ်လိုင်းတည်းကို ဒေသခံတွေက အဓိကအသုံးပြုနေရပြီး MPT နဲ့ တယ်လီနောလိုင်းတွေက အသုံးပြုလို့မရတာ ကြာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးဒေသခံတစ်ဦးက “ညီမက မနေ့ကညကတည်းက တရေးနိုးအွန်လိုင်းကို ရတဲ့အချိန်မှာ ခင်ဦးဘက်က တော်လှန်ရေး Page တစ်ခုကိုင်နေတဲ့မောင်လေးက လှမ်းပြောတယ်။ အရင်တုန်းက ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ကျွန်းလှ အဲ့ဘက်တွေ မြို့နယ် ၉ မြို့နယ်ကို လိုင်းဖြတ်မယ်ပြောထားတယ်လို့လှမ်းပြောတယ်။ ညီမက ညတွင်းချင်းပဲ ကိုယ်နဲ့ အဆက်အသွယ်ရှိတဲ့ ရေဦး၊ ခင်ဦးက လူတွေကို အကုန်ပြောထားတယ်။ ဒီအခြေအနေအတွက် ပြင်ဆင်ထားဖို့ပေါ့နော်။ မနက် ၇ နာရီတုန်းက အဆက်အသွယ်ရသေးတယ်။ ၁၀ နာရီလောက်မှာလည်း ဖုန်းတကော ဝင်လာသေးတယ်။ စစ်ကြောင်းထိုး အခြေအနေတော့ မထူးသေးဘူးပေါ့နော်။ လိုင်းတွေကတော့ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတယ်ဆိုပြီးတော့ ကျသွားတယ်။ ပြန်ခေါ်လို့မရတော့ဘူးရှင့်။”

စစ်ကိုင်းတိုင်းထဲက စစ်ဘေးသင့်ပြည်သူတွေကို အင်တာနက်ကို အဓိကထားအသုံးပြုပြီး အကူအညီပေးနေရတာ ဖြစ်တဲ့အတွက် ဖုန်းနဲ့ အင်တာနက်လိုင်းတွေ မရတော့ဘူးဆိုရင် ပြည်သူတွေပိုပြီး အခက်အခဲကြုံလာရမှာ ဖြစ်ပါတယ်။

ခုရက်ပိုင်း မိုးတွေ ဆက်တိုက်ရွာနေတာကြောင့် တောတောင်ထဲမှာ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေရဲ့အသံနဲ့ သတင်းတွေကို ရယူနိုင်ဖို့လည်း ပိုပြီးခက်ခဲသွားမယ်လို့ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။ 

ခင်ဦးဒေသခံပရဟိတသမားတစ်ဦးက “ခင်ဦးဘက်က မနက် ၇ နာရီလောက်က ဖုန်းရသေးတယ်။ အခုက ဖုန်းလိုင်းရော အင်တာနက်ရော မရတော့ဘူး။ ခင်ဦးမြို့ပေါ်ရော ရွာတွေရော မရတော့ဘူး။ ရေဦးနားတဝိုက်လည်း အဲဒီလိုပါပဲ။ အမျိုးတွေကို လိုက်ဆက်ကြည့်နေတာ မရတော့ဘူး။ မနက်ခင်းတုန်းက ရသေးတယ်။ ဖုန်းတွေ အင်တာနက်တွေ ရနေတာတောင် သူတို့က လုပ်ချင်ရာလုပ်နေတာ။ Local PDF Page တွေကလည်း တခြားနယ်ကနေ သူတို့အတွက် ကိုင်ပေးတာရှိတယ်။ သူတို့ တင်ထားတာ ဆိုရင်လည်း ဖုန်းလိုင်းတွေကို မရတော့တာပေါ့နော်။ ဖြစ်နေတဲ့သတင်းတွေကို ရနိုင်ဖို့က မလွယ်တော့ဘူးပေါ့။”

စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲက ချောင်းဦး၊ ဆားလင်းကြီး၊ မြောင်တို့အပါအဝင် မြို့နယ်ပေါင်း ၂၀ ကျော်မှာ မတ်လ ၃ ရက် ည ၁၁ နာရီကစပြီး အင်တာနက်ဖြတ်တောက်ခဲ့ပါသေးတယ်။ အဲဒီထက်အရင် ကနီ၊ ဘုတလင်၊ ယင်းမာပင် စတဲ့ အင်တာနက်ဖြတ်တောက်ခံရတဲ့ မြို့တွေနဲ့ပါဆို စုစုပေါင်း စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၀ ကျော်မှာ အင်တာနက် ဖြတ်တောက်ထားပါတယ်။ 

အင်တာနက်နဲ့ဖုန်းလိုင်းတွေ ဖြတ်တောက်တာနဲ့ပက်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လေ့ မရှိပါဘူး။ 

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ တိုးလုပ်လာတာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အရပ်သားတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့ အရေအတွက်ဟာလည်း တရက်ထက်တရက် တိုးလာနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013