DVB Logo
Home
မြန်မာသတင်း
လက်နက်ဝယ်ရန် ကျပ်သိန်း ၂၀၀ လိမ်လည်ခဲ့ခြင်းမဟုတ်ဟု စိုင်းထက်အောင် ပြော
DVB
·
May 24, 2022
လက်နက်ဝယ်ရန် ကျပ်သိန်း ၂၀၀ လိမ်လည်ခဲ့ခြင်းမဟုတ်ဟု စိုင်းထက်အောင် ပြော
Donate to DVB

လက်နက်ဝယ်ဖို့ ကျပ်သိန်း ၂၀၀ ကို လိမ်လည်ခဲ့တာမဟုတ်ဘဲ တဆင့်ဝယ်ပေးမယ့်သူတွေ ဖမ်းဆီးခံရတာ၊ သူတို့ဆီက လက်နက်မရတာကြောင့်ဖြစ်တယ်လို့ ပင်လုံနည်းပညာတက္ကသိုလ်ရဲ့ အမည်ပျက်စာရင်း ကြေညာခံခဲ့ရတဲ့ ကျောင်းသား စိုင်းထက်အောင်က ပြောပါတယ်။

အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (DRPA) က လက်နက်ဝယ်ဖို့ ကျပ်သိန်း ၁၄၀၊ MGF ဆီက ကျပ်သိန်း ၆၀ ကို စိုင်းထက်အောင်(ခ) လင်းထင်ကို ပေးခဲ့ပေမယ့် သတ်မှတ်ရက်မှာ လက်နက်မပေးတာ၊ ဖြေရှင်းဖို့ ဆက်သွယ်ခဲ့ပေမယ့်မရခဲ့ဘူးလို့ DRPA က ဆိုပါတယ်။

ဒါကြောင့် သက်ဆိုင်ရာ ကျောင်းသားသမဂ္ဂကို ဆက်သွယ်အကူအညီတောင်းခဲ့ပြီး သမဂ္ဂကလည်း စာထုတ်ဆင့်ခေါ်ပေမယ့် မရခဲ့သလို ပင်လုံနည်းပညာတက္ကသိုလ်ရဲ့ ယာယီတက္ကသိုလ်ကောင်စီကလည်း ဆင့်ခေါ်ပေမယ့်မရလို့ အမည်ပျက်စာရင်းသွင်း၊ ကျောင်းကနေ ထုတ်ပစ်ခဲ့တာပါ။

ဒီအပေါ်မှာ စိုင်းထက်အောင်က “ကျနော်က နောက်လူ ၂ ယောက်ဆီက တဆင့်ဝယ်ပေးတာ။ ငွေတွေကို သူတို့ကို ပေးခဲ့ရတာ။ အရင်ကလည်း သူတို့ဆီက ၄၊ ၅ ကြိမ်ဝယ်ခဲ့ဖူးတယ်။ ၂ ပတ်ပဲကြာတယ်။ အခုတကြိမ်မှာတော့ ငွေချေပြီးနောက်ပိုင်း ဆက်သွယ်လို့မရတော့ဘူး။ ၂ ပတ်နောက်ပိုင်းမှာလည်း ဆက်သွယ်လို့မရတော့ဘူး။ ဒါနဲ့ ကျနော်လည်း နယ်စပ်မှာ အလုပ်လုပ်ဖို့ ထွက်သွားတယ်။ အဲဒီမှာက အင်တာနက်မရတော့ အဖွဲ့နဲ့ ကျောင်းက စာထုတ်တာတွေကို ကျနော်မသိဘူး။ အဖွဲ့က အခုလို ကြေညာတော့ ကျနော့်အဖေက ဆက်သွယ်ပြီး ဖြေရှင်းပေးမယ်ဆိုတဲ့အကြောင်း ပြောထားတယ်။ ဒီကြားထဲမှာလည်း ကျနော်ငွေချေထားတဲ့ သူတယောက်နဲ့ ဆက်သွယ်လို့ရပြီး သူ့ဆီက ငွေသိန်း ၄၀ ပြန်ပေးမယ်လို့ ပြောတယ်။ သူ့ကိုသွားရှာတဲ့အချိန်မှာ DRPA ရဲ့ ဘဏ္ဍာရေးမှူးလည်းပါပါတယ်။ ကျနော်ငွေချေထားတဲ့သူ နောက်တယောက်ကတော့ ဖမ်းခံထားရတယ်ဆိုတာ သိပ်မကြာခင်ကမှ သိရတယ်။ ကျနော်တာဝန်ခံထားတာဖြစ်တဲ့အပေါ် ကျနော်ငွေတွေ ပြန်စိုက်လျော်မယ်လို့လည်း အဖွဲ့ကို ပြောထားပါတယ်” လို့ ပြောပါတယ်။

DRPA ရဲ့တာဝန်ရှိသူတယောက်ကတော့ “(လက်နက်ဝယ်ပေးမယ့် တဆင့်ခံလူကို) သွားရှာတဲ့ အထဲမှာတော့မပါဘူးဗျ။ ကျနော်တို့ ဗဟိုကော်မတီဝင်တွေနဲ့ သူ တယောက်မှ တွေ့ပေးတာမျိုးမရှိဘူး။ သူ့ပြောစကားအတိုင်း Run ပေးခဲ့ရတာပဲရှိတယ်” လို့ပြောပါတယ်။

ဆင့်ခေါ်စာတွေထုတ်ပေမယ့် စိုင်းထက်အောင်ဘက်က ဆက်သွယ်လာတာမရှိခဲ့ဘဲ ကျောင်းက ထုတ်ပယ်တယ်ဆိုတဲ့နောက်မှာမှ စိုင်းထက်အောင်ရဲ့ အဖေဖြစ်သူက ဆက်သွယ်လာပြီး မေလ ပထမပတ်ထဲမှာ ဖြေရှင်းပေးမယ်လို့ ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီနောက်မှာ ထပ်ဆက်သွယ်လာပြီး မေလ ၁၀ ရက်နေ့အထိ စောင့်ပေးဖို့ပြောခဲ့ပြီး နောက်ပိုင်းမှာ ဆက်သွယ်လို့ မရတော့ဘူးလို့လည်း ပြောပါတယ်။

စိုင်းထက်အောင်က “ကျနော့်ဘက်မှာ အဲဒီအချိန်က ပြောစရာမရှိတဲ့အတွက် ပြန်မဆက်သွယ်ဘဲ လက်နက်မှာတဲ့သူကိုပဲ ဆက်သွယ်ပြီး ကိစ္စတွေရှင်းပြဖို့ စာပို့ထားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစောပိုင်းကာလတွေမှာ လိမ်ပါတယ်လို့ပြောရင် တပ်ဖွဲ့က ကျနော် အလွဲသုံးစားပြုလုပ်တယ်လို့ သံသယဖြစ်မှာကို စိုးရိမ်တာပါ။ အခု ဖြစ်တဲ့ကိစ္စတွေကလည်း အချိန်ကာလကွာဟမှုတခုနဲ့ နားလည်မှုလွဲသွားတဲ့အချိန်မှာ ဖြစ်ပျက်သွားတာတွေပါပဲ။ အခုလည်း တချို့တဝက်ကို ကျနော့်ဘက်ကနေ စိုက်ပြီး ရန်ပုံငွေ ပြန်ထည့်ဖို့ ကြိုးစားထားတာတွေရှိပါတယ်။ ကျနော့်မှာရှိတာတွေရောင်းပြီးထည့်ပေးမှာပါ” လို့ပြောပါတယ်။

DRPA တာဝန်ရှိသူတယောက်ကတော့ “ကျန်တာက သူ့အပိုင်း သူတာဝန်ယူမှု သူတာဝန်ခံမှုပေါ့ဗျာ။ ကျနော်တို့လက်နက်ဝယ်တာ သူ့ဆီက” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013