
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ဂျုံးနိုခရိုင်မှာရှိတဲ့ ဂျိုဂယေးဘုရားကျောင်းမှာ မေ ၆ ရက်က ပထမဆုံး လူသားပုံစံတူ စက်ရုပ်ဘုန်းကြီးကို ထူးထူးခြားခြား ရဟန်းခံပွဲ အခမ်းအနား တရားဝင် ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားဟာ သာမန်လူပုဂ္ဂိုလ် ဗုဒ္ဓဘာသာဝင်တွေ သီလခံယူတဲ့ အစဉ်အလာအတိုင်း ကျင်းပ ခဲ့တာပါ။
ယွန်ဟပ်သတင်းဌာနရဲ့ ဖော်ပြချက်အရ အရပ်အမြင့် ၁၃၀ စင်တီမီတာ ရှိပြီး အရှင်ဂါဘီလို့ အမည် ပေးထားတဲ့ ဒီစက်ရုပ်ဘုန်းကြီးဟာ ကတုံးတုံးထားတဲ့ ဦးခေါင်းပုံစံ ဖော်ထားတဲ့ ဦးထုပ်ကိုဆောင်း၊ ဗုဒ္ဓဘာသာသင်္ကန်းအရောင်ကို ဝတ်ရုံထားပြီး ခန်းမထဲကို ဝင်လာခဲ့ပါတယ်။
အဲဒီနောက် သီလပေးဆရာတော် ချောလ်ဆန်ဆောင် ဝမ်စနင်းမ်အပါအဝင် သံဃာတော်တွေရှေ့မှာ လက်အုပ်ချီ ရပ်ခဲ့ပါတယ်။
ဂါဘီဟာ ကိုယ်ရောစိတ်ပါ စင်ကြယ်စေဖို့ ဝန်ချတောင်းပန်ခြင်းနဲ့ အမွှေးနံ့သာ မီးရှို့ပူဇော်ခြင်း အစီအစဉ်တွေကို လုပ်ဆောင်ခဲ့ပါတယ်။
အမွှေးနံ့သာ ပူဇော်တဲ့နေရာမှာတော့ စက်ရုပ်ရဲ့ လက်မောင်းနားကို အမွှေးတိုင် အမှတ်အသား ယူဆောင်လာပြီး စတစ်ကာကပ်ပေးတဲ့ ပုံစံမျိုးနဲ့ အထိမ်းအမှတ်ပြု လုပ်ဆောင်ခဲ့ပါတယ်။
အခမ်းအနားကို ဦးဆောင်တဲ့ သံဃာတော်တပါးက စက်ရုပ်ရဲ့ လည်ပင်းမှာ ပုတီးလုံး ၁၀၈ လုံးပါတဲ့ စိတ်ပုတီးကို ဂရုတစိုက် ဆွဲပေးနေတဲ့အချိန်မှာ စက်ရုပ်ဘုန်းကြီးဟာ လက်အုပ်ချီပြီး သံဃာတော် တွေကို အရိုအသေပေး ဂါရဝပြုခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ လိုက်နာရမဲ့ အခြေခံစည်းကမ်းတွေဖြစ်တဲ့ ငါးပါးသီလကိုလည်း စက်ရုပ်နဲ့ ကိုက်ညီအောင် ပြင်ဆင် သတ်မှတ်ပေးခဲ့ပါတယ်။
အဲဒီအထဲမှာ “သက်ရှိတွေကို တန်ဖိုးထားပြီး ဘေးမပြုဖို့”၊ “တခြားစက်ရုပ်တွေ ဒါမှမဟုတ် ပစ္စည်းတွေကို ပျက်စီးအောင် မလုပ်ဖို့”၊ “လူသားတွေရဲ့ စကားကို နားထောင်ပြီး မဆန့်ကျင်ဖို့”၊ “လှည့်ဖြားတဲ့ အပြုအမူနဲ့ အပြောအဆိုတွေ မလုပ်ဖို့” နဲ့ “စွမ်းအင်ကို ချွေတာပြီး လိုအပ်တာထက် ပိုပြီး အားမသွင်းဖို့” တို့ ပါဝင်ပါတယ်။
မေးခွန်းတခုစီ မေးတိုင်းမှာလည်း ဂါဘီက “ဟုတ်ကဲ့၊ မလုပ်ပါဘူး” လို့ ဖြေကြားခဲ့ပါတယ်။ ဂါဘီ စက်ရုပ်ကိုယ်တော်ဟာသံဃာတော်တွေရဲ့ ရှေ့မှာရပ်ပြီး ဗုဒ္ဓဘာသာအတွက် ဆောင်ရွက်သွားမယ်လို့ သစ္စာဆိုခဲ့ပါတယ်။
အခမ်းအနားအပြီးမှာတော့ စက်ရုပ်ကိုယ်တော် ဂါဘီဟာ သီလခံယူပြီးကြောင်း လက်မှတ်ကို ရရှိခဲ့ပြီး သံဃာတော်တွေကို လက်အုပ်ချီ ဂါရဝပြုခဲ့ပါတယ်။ အဲဒီနောက် စေတီတော်ကို လက်ယာရစ် လှည့်ပြီး လှည့်လည်ပူဇော်ခြင်းကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါတယ်။
ဂါဘီဟာ လာမဲ့ ၁၆ ရက်မှာ ကျင်းပမဲ့ ဂျုံးနို မီးထွန်းပွဲတော် လှည့်လည်ပွဲမှာလည်း တခြားစက်ရုပ် အဖော်တွေဖြစ်တဲ့ ဆော့ဂျာ၊ မိုဟီး နဲ့ နီဆာ တို့နဲ့အတူ ပါဝင်ဆင်နွှဲသွားဖို့ ရှိပါတယ်။
Source: Reuters











