
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်တိုင်းလေးကျေးရွာတောင်ပိုင်းက လူနေအိမ် ၇၀ လောက်ကို မေ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ပြာကျတဲ့အထိ စစ်ကောင်စီတပ်က မီးရှို့ပြီး အပြစ်မဲ့ပြည်သူ ၄ ဦးအား သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် လင်မယားနှစ်ဦးနဲ့ အမျိုးသားတဦးတို့ ထိမှန်သေဆုံးခဲ့ပြီး အသက် ၇၅ နှစ်အရွယ်ရှိတဲ့ အဘိုးအိုတဦးကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့သတ်ထားခဲ့တယ်လို့ ဆိုပါတယ်။
“ကိုဝင်းဗိုလ်နဲ့ မလုံးခင်တို့ လင်မယားရယ်၊ ကိုနိုင်ဦးရယ် သူတို့ ၃ ယောက်က စကစ ပစ်တဲ့ လက်နက်ကြီးထိပြီးသေတယ်။ ဦးစိန်လင်းက မီးရှို့ပြီး သတ်ခံရတာ အသက်က ၇၅ နှစ်ရှိပြီ” လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
ရေဦးဘက်ကနေ ခင်ဦးဘက်ထွက်လာတဲ့ စစ်ကား ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ခင်ဦးနယ်ထဲရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ကာ နေအိမ်တွေထဲက ပစ္စည်းတွေ လုယက်ခိုးယူပြီး မီးရှို့ဖျက်ဆီးသွားတာလို့ ဒေသခံတွေက ဆိုပါတယ်။
သတ်ဖြတ် မီးရှို့ခံထားရတဲ့ နေရာကို KhinUSupportOrganization-KSO အဖွဲ့က ကူညီကယ်ဆယ်ဖို့ သွားပေမယ့် ရွာသစ်ကုန်းရွာမှာ ရှိနေတဲ့ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေသောကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို့ KSO အဖွဲ့က ပြောပါတယ်။
ရေဦးမြို့မှာလည်း စစ်ကောင်စီက အတင်းအကျပ် စစ်ဆေးနေလို့ ခရီးသွားပြည်သူတွေ မြေပြင်အခြေအနေသတင်းယူ စုံစမ်းပြီးမှ သွားလာကြဖို့ Khin U Support Organization-KSO အဖွဲ့က အသိပေးထားပါတယ်။