
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မြောက်ပိုင်းနဲ့ မြိုင်မြို့နယ် အရှေ့တောင်ပိုင်းက ကျေးရွာတွေအား စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မေ ၂၂ ရက်နေ့ မနက်ပိုင်းက ဒေသကာကွယ်ရေးညီနောင်မဟာမိတ်တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ MRGF တပ်ဖွဲ့က ပြောပါတယ်။
ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်) MRGF တာဝန်ခံ Captain Z က “စစ်(...) စစ်ကြောင်းကို မဟာမိတ်တပ်ဖွဲ့တွေစုပေါင်းပြီး လက်နက်ကြီးတွေ၊ အော်တို Gun တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သူတို့ဘက်က ၄ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။
နာရီဝက်လောက် အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မဟာမိတ်တပ်ဖွဲ့တွေဘက်က အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာ တပ်စွဲထားလို့ မိဘပြည်သူတွေအနေနဲ့ အင်ပင်ရွာကို ဖြတ်သန်းသွားလာမယ်ဆိုရင် အထူးသတိထားပြီးသွားလာကြဖို့ သတိပေးထားပါတယ်။
အဲဒီတိုက်ပွဲကို MRGF၊ PUGF၊ နံ့သာမြိုင်တပ်ဖွဲ့၊ တမာမြေပြောက်ကျားတပ် ဖွဲ့၊ UURF(ရေစကြို)၊ King Cobra၊ PPDF(ပခုက္ကူ)နဲ့ ပခုက္ကူ၊ မြိုင်၊ ရေစကြိုမြို့နယ်က တော်လှန်းရေးတပ်ဖွဲ့တွေစုပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာလို့ MRGF ရဲ့တာဝန်ခံက ပြောပါတယ်။
မြိုင်မြို့နယ် ပန်းတိုင်တောကျေးရွာကို မီးရှို့ပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း မေလ ၁၉ ရက်နေ့ ညပိုင်းမှာ ဒေသကာကွယ်ရေးညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ မေ ၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ရွာသစ်ကြီးရွာက နေအိမ် ၇၅ လုံး၊ နှမ်းစားကျင်းရွာက နေအိမ် ၇ လုံး၊ သံဘိုကြီးရွာက နေအိမ် ၁၀ လုံး၊ ပိတောက်ကန်ရွာက နေအိမ် ၆၅ လုံး၊ ပန်းတိုင်းတောရွာက နေအိမ် ၁၃ လုံး၊ကြက်ခြံ ၁၅ ခြံ၊ လက်ယက်မ(စံပြ)ကျေးရွာက အိမ်ခြေ ၇၀၀ ကျော်လောက်၊ ကား၊ ဆိုင်ကယ်တွေနဲ့ အဖိုးတန်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။