DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်မီးရှို့မှုကြောင့် မင်းတန်းရွာ အိမ်ခြေ ၁၀၀ ကျော်ဆုံးရှုံး၊ အညွန့်ရွာကို ဆက်လက် မီးရှို့နေ
DVB
·
May 22, 2022
စစ်ကောင်စီတပ်မီးရှို့မှုကြောင့် မင်းတန်းရွာ အိမ်ခြေ ၁၀၀ ကျော်ဆုံးရှုံး၊ အညွန့်ရွာကို ဆက်လက် မီးရှို့နေ
Donate to DVB

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ မနေ့က မေလ ၂၁ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက မင်းတန်းကျေးရွာကို မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၁၀၀ ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာလည်း အညွန့်ကျေးရွာကို ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

“မင်းတန်းကျေးရွာကို မနေ့က ညနေ ၄ နာရီကျော်လောက်မှာ စစ်(....)တွေ ဝင်မွှေပြီး မီးရှို့သွားတာဗျ။ မီးက တညလုံးလောင်နေတာ ဒီကနေ့မနက်ပိုင်းကျမှ ကာကွယ်ရေးအဖွဲ့တွေနဲ့ အတူဝင်ငြိမ်းကြရတာ။ အိမ်ခြေ ၁၀၀ ကျော်လောက် မီးထဲပါသွားတယ်” လို့ မင်းတန်းကျေးရွာ ဒေသခံတယောက် ပြောပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတော့ ဘေးကင်းမဲ့နေရာကို ရွာလုံးကျွတ် အသက်လု ထွက်ပြေးလာခဲ့ကြရတယ်လို့ အညွန့်ကျေးရွာနေ အမျိုးသမီးတယောက်က ပြောပါတယ်။ 

“ကျမတို့ အညွန့်ကျေးရွာကို ဒီကနေ့မနက် ၉နာရီခွဲလောက်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေကြတယ်ရှင့်။ မီးခိုးလုံးတွေ မီးတောက်တွေကို အဝေးကနေ လှမ်းမြင်နေရတယ်။ စစ်(....)တွေက မပြန်သေးဘူး။ ရွာထဲမှာပဲ ရှိနေသေးလို ဘယ်သူမှလည်း မီးဝင်မငြိမ်းရဲကြဘူး။ အိမ်ခြေ ဘယ်လောက်မီးလောင်သွားတယ်ဆိုတာကိုလည်း အတည်ပြုလို့မရသေးဘူး။ အနီးနား တရွာကျော်လောက်ကို စစ်(...)တွေ ရောက်ပြီလို့ သတင်းကြားတာနဲ့ ဘေးလွတ်ရာကို ထွက်ပြေးကြရတာ။ သက်ကြီးဘိုးဘွားတွေ၊ ကလေးမအေတွေနဲ့ ကိုယ်ဝန်ဆောင်တွေကိုတော့ နွားလှည်းတွေ၊ ကားတွေနဲ့ ဘေးကင်းမယ်ထင်တဲ့ ရွာတရွာကို ရွှေ့ပေးထားရတာပေါ့။ ပြည်သူလူထုအပေါ်မှာ ဒီလောက်ရက်စက်ယုတ်မာတဲ့ အကြမ်းဖက် စစ်(...)တွေ အမြန်းဆုံးကျဆုံးပါစေ။” 

ထွက်ပြေးလာသူတွေဟာ တောထဲတွေမှာ လက်ရှိ မိုးကာလေးတွေနဲ့ ဖြစ်သလို နေထိုင်စားသောက်နေကြရပြီး နီးစပ်တဲ့ ရွာတွေကတော့ အစားအသောက်တွေ အကူညီပေးကြတယ်လို့ ဆိုပါတယ်။

မြောင်မြို့နယ်ထဲမှာ မေ ၁၈ ရက်နေ့ကနေ မေ ၂၁ ရက်နေ့ထိ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးနေပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် ကျေးရွာ ၇ ရွာက နေအိမ် ၁၄၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာဟာ သူတို့ရဲ့ လက်ချက်မဟုတ်ဘူးလို့ အမြဲတမ်းငြင်းဆန်လေ့ရှိပြီး PDF တပ်ဖွဲ့တွေက လုပ်နေတာလို့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောဆိုလေ့ရှိပါတယ်။

မကွေးတိုင်းဒေသကြီးမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် ဧပြီ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၇၅၀၃ လုံးမီးလောင် ဆုံးရှုံးခဲ့တယ်လို Data For Myanmar က မေလ ၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013