
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်အာဏာရှင်တပ်က စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်းထိုး နေကာ ရွှေဘိုမြို့ပေါ်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ကျေးရွာ ၆ ရွာက ရွာသား တွေထောင်နဲ့ချီ ဘေးလွတ်ရာကို စစ်ရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေဘိုမြို့ အနောက်ဘက်မှာရှိတဲ့ အိုးဖိုရွာ၊ ကင်းဗျားရွာနဲ့ မြင်းချင်းရွာတွေဘက်ကို စစ်အာဏာရှင် တပ်က ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းနေတဲ့အတွက် ကျေးရွာ ၆ ရွာ က ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတာပါ။
စက်တင်ဘာ ၂၆ ရက် မနက် ၅ နာရီခွဲလောက်ကစပြီး စစ်အာဏာရှင်တပ်က ရွှေဘိုမြို့အဝင် တောင်မုဒ်ဂိတ်၊ မင်းကုန်းဂိတ်နဲ့ ဇီးကုန်းဂိတ်တွေမှာ အင်အားတိုးချဲ့ကာ ရွှေဘိုအနောက်တောင်ခြမ်း က ကျေးရွာတွေကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၇ ရက်မှာတော့ အိုးဖို၊ ကင်းဗျားနဲ့ မြင်းချင်းရွာတွေကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်စီးနင်းခဲ့ကာ အနီးအနားက ရွာတွေကိုလည်း လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုတွေကြောင့် အိုးဖို၊ ကင်းဗျား၊ မြင်းချင်း၊ ချီပါတောင်၊ ချီပါမြောက်နဲ့ ကျည်ပွေ့ကုန်းစတဲ့ ရွာတွေက ဒေသခံထောင်နဲ့ချီပြီး နီးစပ်ရာရွာတွေဘက်ကို တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
စစ်ရှောင် ဒေသခံတယောက်က “မြင်းချင်းရွာမှာ သူတို့ အထိုင်တပ်ရှိတော့ အဲဒီကို တပ်ပြောင်း တာလား၊ ဒါမှမဟုတ် မြို့နဲ့နီးလို့ ကာကင်းချတာလားတော့ မသိဘူး။ ဒီ ၃ ရွာစလုံးက မြို့နဲ့လည်း နီးတယ်၊ မြို့အဝင်အထွက် နေရာတွေဆိုတော့ နှစ်ဖက်စလုံးအတွက် အရေးပါတဲ့နေရာလည်း ဖြစ်တယ်။ အခုတော့ ရွာ ၃ ရွာစလုံးကို သူတို့ ဝင်ရောက်ထားပြီး ရှေ့လည်းမတိုး၊ နောက်လည်း ပြန်မဆုတ်တာ ၄ ရက် ရှိနေပါပြီ။ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ အတိအကျ မသိရ သေးပါဘူး” လို့ ပြောပါတယ်။
စစ်တပ်တွေ စစ်ကြောင်းထိုးရာ လမ်းတလျှောက်က ကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေ က တန်ဖိုးကြီးပစ္စည်းတွေကို ဖောက်ထွင်းခိုးယူနေတယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့အတွက် ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး-မုံရွာ ကားလမ်းမကြီးမှာ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်ကားတွေ သွားလာလို့ မရတော့ဘဲ ကုန်ကားတွေ အနေနဲ့ ကွင်းလမ်းတွေကနေ ပြောင်းလဲသယ်ယူနေရတဲ့အတွက် ကုန်ဈေးနှုန်းတွေလည်း မြင့်တက် လာနေတယ်လို့ နောက်ထပ်စစ်ရှောင်ဒေသခံက ဆိုပါတယ်။
စက်တင်ဘာ ၂၆ ရက်ကလည်း ရွှေဘိုမြို့အဝင် တောင်မုဒ် စစ်ဆေးရေးဂိတ်ကနေ ဗုံးတပ်ဒရုန်း ၃ စီးနဲ့ ချီပါတောင်ရွာ အရှေ့ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၇၀ အရွယ် အမျိုးသား ၂ ယောက်နဲ့ အသက် ၈၀ အရွယ် အမျိုးသမီးတယောက်တို့ ဗုံးစထိမှန်ပြီး သေဆုံးခဲ့ပါတယ်။










