
အမေရိကန်ရဲ့ ညပိုင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန်မြောက်ပိုင်း ဂိုလတ်စ်တန် ပြည်နယ်မှာရှိတဲ့ အက်ခ်တာကေးခန်း ရထားလမ်းရဲ့ တံတား ပျက်စီးသွားပါတယ်။
ဒီတံတားဟာ အီရန်အစိုးရအတွက် မဟာဗျူဟာမြောက် မဟာမိတ်တွေဖြစ်တဲ့ တရုတ်၊ ရုရှားတို့နဲ့ ကုန်သွယ်ရေး ချိတ်ဆက်ထားတဲ့ အရေးပါတဲ့ လမ်းကြောင်းတခု ဖြစ်ပါတယ်။
အမေရိကန်က အီရန်ရဲ့ ပင်လယ်ကွေ့ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတဲ့အတွက် တာ့ခ်မင်နစ္စတန်၊ ကာဇက်စတန်နိုင်ငံတွေကို ဖြတ်ပြီး တရုတ်နိုင်ငံအထိ ပေါက်တဲ့ ဒီကုန်တင်ရထားလမ်းဟာ အီရန်အတွက် အဓိက ကုန်းလမ်းအဖြစ် ပိုပြီးအရေးပါလာတာပါ။
ဒါ့အပြင် ဒီလမ်းကြောင်းကို ရုရှားနိုင်ငံကလည်း ၂၀၂၅ ခုနှစ် နှောင်းပိုင်းကစလို့ အီရန်နိုင်ငံဆီ ကုန်စည်ပို့ဆောင်ဖို့ အသုံးပြုနေတာ ဖြစ်ပါတယ်။
ကြာသပတေးနေ့ မနက်အစောပိုင်းက အဆိုပါတံတား တိုက်ခိုက်ခံရမှုကို အီရန်နိုင်ငံပိုင် မီဒီယာတွေက အတည်ပြုထားပြီး လူမှုကွန်ရက်ပေါ်မှာလည်း ပျက်စီးသွားတဲ့ တံတားဗီဒီယိုဖိုင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
လက်ရှိမှာတော့ တံတားကို အမြန်ဆုံးပြန်ပြင်ဖို့ စီစဉ်နေတယ်လို့ အီရန်သတင်းဌာနက ဖော်ပြပါတယ်။
Source: Reuters










