DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် မုန်တိုင်းဒဏ်ကြောင့် လူ ၁ ဦးသေဆုံးပြီး နေအိမ်အဆောက်အအုံများ ပျက်စီး
DVB
·
May 21, 2022
မွန်ပြည်နယ်တွင် မုန်တိုင်းဒဏ်ကြောင့် လူ ၁ ဦးသေဆုံးပြီး နေအိမ်အဆောက်အအုံများ ပျက်စီး
Donate to DVB

မွန်ပြည်နယ်မှာ မုန်တိုင်းဒဏ်ကြောင့် လူ ၁  ယောက်သေဆုံးပြီး တချို့ ဒဏ်ရာရခဲ့ကာ သစ်ပင်တွေနဲ့ လျှပ်စစ်ဓာတ်မီးတိုင်တွေလဲကျခဲ့သလို လူနေအိမ်တွေ စာသင်ကျောင်းတွေ အပါအဝင် အဆောက်အအုံ  ရာနဲ့ချီ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေထံက သိရပါတယ်။ 

မေလ ၂၀ ရက်က မော်လမြိုင်မြို့ကို ဦးတည်တိုက်ခတ်လာတဲ့ ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) ကြောင့် ပြည်နယ်တဝန်းမှာ မိုးသက်လေပြင်းတွေ ကျရောက်ခဲ့တဲ့အတွက် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

ကုန်းတွင်းမုန်တိုင်းငယ်ကြောင့် မော်လမြိုင်၊ ပေါင်၊ ကျိုက်မရော၊ သထုံ၊ ချောင်းဆုံနဲ့ မုဒုံမြို့နယ်တို့မှာ လူနေအိမ်တွေ၊ အဆောက်အဦးတွေ အပါအဝင် သစ်ပင်ကြီးတွေနဲ့ ဓာတ်မီးတိုင်တွေ ပြိုကျပျက်စီးခဲ့ပါတယ်။

ဒီဗွီဘီကကောက်ယူထားတဲ့ အချက်အလက်တွေအရ ကုန်းတွင်းမုန်တိုင်းငယ်ကြောင့် မော်လမြိုင်မှာ လူနေအိမ်နဲ့ အဆောက်အအုံ ၆၀ နီးပါး၊ သထုံနဲ့ပေါင်မြို့နယ် ၃၀ ကျော်၊ မုဒုံမြို့နယ်မှာ နေအိမ် ၁၃ လုံး၊ ကျိုက်မရောနဲ့ ချောင်းဆုံမြို့နယ်တို့မှာ လူနေအိမ် ၁၀ နီးပါး ထိခိုက်ပျက်စီးခဲ့ပါတယ်။

မော်လမြိုင်မှာတော့ မုပွန်ရပ်ကွက်က အရက်ချက်စက်ရုံ ခေါင်တိုင် ပြိုကျသွားတဲ့အတွက် လူတယောက်သေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

မုန်တိုင်ငယ်ကြောင့် မော်လမြိုင်မြို့ တောင်ဝိုင်းရပ်မှာ ဓာတ်မီးတိုင် ၁၀ တိုင်ထက်မနည်း ပြိုကျပျက်စီးခဲ့သလို မြို့နယ်တချို့မှာလည်း စာသင်ကျောင်း အဆောက်အဦး အမိုးလန်တာ၊ ကျေးလက်ဆေးပေးခန်း ခြံစည်းရိုး အုတ်နံရံ ပြိုကျ ပျက်စီးခဲ့ပါတယ်။

မော်လမြိုင်မြို့က လေဘေးသင့်ပြည်သူ ၁၅၀ ကျော်အတွက် သာယာရေးနဲ့ ဇေယျာသီရီရပ်ကွက်က ယာယီကယ်ဆယ်ရေး စခန်းဖွင့်ပြီး အရေးပေါ် ရွှေ့ပြောင်းခဲ့ရတယ်လို့ လေဘေးသင့်ပြည်သူအရေး ကူညီပေးနေသူတယောက်က ပြောပါတယ်။

လေဘေးသင့်ပြည်သူတွေကို လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထောက်ပံ့ကူညီတာ မရှိသေးဘူးလို့ ပြောပါတယ်။

မုန်တိုင်းငယ်ကြောင့် မြို့နယ်အများစုမှာ ဓာတ်မီးတိုင်တွေ ပြိုကျပျက်စီးသွားတဲ့အတွက် မေလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းထိ လျှပ်စစ်မီးပြန်မလာ သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့တွေအဆိုအရ စစ်ကောင်စီဟာ မုန်တိုင်းဝင်ရောက်လာမှုကို ချက်ချင်း အရေးတယူ ဆောင်ရွက်တာ မရှိသလို ကူညီထောက်ပံ့မှု မရှိသလောက် နည်းပါးခဲ့တယ်လို့ ဆိုကြပါတယ်။

ကုန်းတွင်းမုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ထိခိုက်ပျက်စီးမှုတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ကိုယ်အားကိုယ်ကိုးပြီး ဖြေရှင်းခဲ့ရတာပါ။

လေပြင်း မုန်တိုင်း ဒဏ်ကို ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွင်းက မြို့နယ်တွေမှာလည်း ခံစားခဲ့ကြရပါတယ်။

Photo-MFS 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013