DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းမြို့နယ်တွင် မီးရှို့ခံထားရသည့် နေအိမ်များထဲမှ အလောင်း ၄၀ ကျော်တွေ့ရှိ
DVB
·
May 20, 2022
ဒီပဲယင်းမြို့နယ်တွင် မီးရှို့ခံထားရသည့် နေအိမ်များထဲမှ အလောင်း ၄၀ ကျော်တွေ့ရှိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ သရက်တောကျေးရွာမှာ စစ်ကောင်စီတပ်က မီးရှို့သွားတဲ့ နေအိမ်တွေထဲကနေ လူသေအလောင်း ၄၀ ကျော် တွေ့ရှိခဲ့တယ်လို့ ရေဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မေ ၁၉ ရက် ညနေ ၅ နာရီလောက်က ရေဦးမြို့နယ်ကနေ ဒီပဲယင်းအရှေ့ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒီပဲယင်းပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ ဒီပဲယင်းမြို့နယ် သရက်တောကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က သရက်တောကျေးရွာကို ဝင်ရောက်  မီးရှို့ခဲ့တာလို့ဆိုပါတယ်။ 

ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “တိုက်ပွဲကြာချိန်က ၁ နာရီလောက် ကြာမယ်ဗျ။ ပထမက ကျနော်တို့က ကြိုတင် မိုင်းထောင်ထားတယ်။ မိုင်းကွင်းထဲရောက်တော့ ကျနော်တို့ မိုင်းဆွဲတိုက်ခိုက်တယ်။ ပြီးတော့ နှစ်ဖက်ပစ်ခတ်တာတွေ ရှိခဲ့တယ်။ စစ်ကောင်စီဘက်ကတော့ အကျအဆုံးများတယ်။ ကျနော်တို့အဖွဲ့တွေကတော့ အကျအဆုံးကတော့ မရှိခဲ့ဘူးဗျ။ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်လို့ စစ်ဘေးရှောင်နေတဲ့ ပေါက်သာကျေးရွာက စစ်ဘေးရှောင်ထဲ လက်နက်ကြီးကျ ပေါက်ကွဲတာတွေ ရှိခဲ့တယ်ဗျ။ ၁၁ ဦး ထိခိုက်တယ်ဗျ။ နေရာတင် သေဆုံးတာလည်း ရှိခဲ့တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲအပြီး စစ်ကောင်စီတပ်က သရက်တောကျေးရွာကိုဝင်ရောက်  မီးရှို့ခဲ့တာမှာ  နေအိမ် ၂၂ လုံး ဆုံးရှုံးခဲ့ကာ မီးလောင်ဆုံးရှုံးခဲ့တဲ့ နေအိမ်တွေထဲကနေ အလောင်း ၄၀ ကျော်တွေ့ရတာဖြစ်ပြီး သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါတွေ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “သူတို့က တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ အလောင်းတွေကို သရက်တောကျေးရွာထဲက အိမ်တွေကို မီးရှို့ရင်း ထည့်ပြီး မီးရှို့ထားတာတွေ လုပ်ခဲ့တယ်။ သူတို့ထွက်သွားပြီး ကျနော်တို့ နယ်မြေရှင်းလင်းရေးတွေ လုပ်တဲ့အခါမှာ မီးလောင်ပြီး မပျက်စီးသေးတဲ့ ရုပ်အလောင်း ၂၁ လောင်း တွေ့ခဲ့ရတယ်ဗျ။ အတည်မပြုနိုင်သေးတဲ့ လူသေအလောင်းလို့ ယူဆရတဲ့ အရာတွေရောဆိုရင် အလောင်း ၄၀ ကျော်လောက် တွေ့ရတယ်ဗျ။ ဟိုလို ကင်ထားသလိုမျိုး အလောင်းကတော့ ၂၁ လောင်းကို တွေ့ခဲ့ရတယ်ဗျ။ ဘယ်လိုမျိုး စစ်ကောင်စီအလောင်းလို့ ပြောနိုင်တာလဲဆိုတော့ စစ်ကောင်စီတွေ အသုံးပြုတဲ့ ချိုင့်တွေ၊ ရေဘူးတွေ၊ စစ်ခါးပတ်ခေါင်းတွေကို အလောင်းနဲ့တွဲပြီး တွေ့ရလို့ စစ်ကောင်စီအလောင်းလို့ ပြောနိုင်တာပါဗျ” လို့ ပြောပါတယ်။

ရေဦးပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တဦးကလည်း ဒီအလောင်းတွေဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူးလို့ ပြောပါတယ်။

“ကျနော်တို့ တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်က ဒေသခံတွေကို စစ်ကောင်စီ ဖမ်းဆီးခံရတာ ရှိမရှိ စစ်ဆေးတဲ့အခါမှာ ပျောက်ဆုံးသူ၊ ဖမ်းဆီးခံ မရှိဘူး။ မြေပြင်မှာ စစ်ဆေးထားချက်အရ ဒါတွေဟာ စစ်ကောင်စီတပ်ရဲ့ အလောင်းတွေ ဖြစ်တယ်လို့ ပြောနိုင်တယ်။”

စစ်ကောင်စီဘက်ကတော့ စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲအခြေအနေနဲ့ အကျအဆုံးစာရင်းကို သတင်းထုတ်ပြန်လေ့ မရှိသေးသလို ဒီဗွီဘီကလည်း မီးရှို့ခံရတဲ့ အလောင်းတွေနဲ့ ပတ်သက်ပြီးသီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်တွေဟာ အခု မေလအတွင်းမှာ စစ်ကိုင်းတိုင်းအတွင်းက‌‌ ဒေသခံ ပြည်သူ‌တွေရဲ့ နေအိမ် ကျေးရွာအများအပြားကို မီးရှို့တာတွေ အများဆုံး ပြုလုပ်လာတယ်လို့‌ စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013