DVB Logo
Home
မြန်မာသတင်း
ကသာခရိုင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့‌
DVB
·
May 20, 2022
ကသာခရိုင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့‌
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာခရိုင်အရှေ့ပိုင်းမှာ စစ်ကောင်စီတပ်တွေက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၁၆ ရက်ကတည်းက ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ကမ်းနီရွာနဲ့ ဝဲကြီးရွာအနီးမှာ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေ အထိအခိုက် အကျအဆုံး ရှိခဲ့တယ်လို့ သိရပါတယ်။

မေ ၁၇ ရက်မှာလည်း ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်တွေ အကျအဆုံး ရှိခဲ့‌ပေမဲ့ နောက်မဆုတ်ဘဲ အလောင်းတွေ ပြန်သယ်သွားပြီး အထက်ပိုင်းကို ကုန်းကြောင်းရော ရေကြောင်းကပါ တက်လာကာ လမ်းတလျှောက်မှာ ၆၀ မမ၊ ၁၂၀ မမ၊ စက်သေနတ်တွေနဲ့ ပစ်ကူတာကြောင့် လက်နက်ခြင်းမမျှတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်တွေ ဆုတ်ခွာခဲ့ရချိန်မှာ အင်းရွာကို ဝင်စီးခဲ့ပါတယ်။

မေ ၁၉ ရက် မနက်ပိုင်းမှာတော့ အင်းရွာက နေအိမ်အတော်များများကို မီးရှို့ပြီး ရွာဘေးက တောတွေထဲကို ၆၀ မမနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ပစ်ခတ်တာကြောင့် အင်းရွာရဲ့ အရှေ့ဘက်ရှိ ပေလမ်းကုန်းရွာက ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျည် ကျရောက်တာကြောင့် ကိုရင် ၁၅ ပါး ထိခိုက်ဒဏ်ရာ ရခဲ့သလို ကိုရင်တပါးရဲ့ မယ်တော်လည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရပြီး သေဆုံးသွားတယ်လို့ ပူးပေါင်းတပ်ဖွဲ့မှာ ပါဝင်တဲ့ တကောင်း PDF မှ မာမီက ပြောပါတယ်။

"မီးရှို့နေတဲ့အချိန်မှာပဲ သူတို့ ၆၀ မမနဲ့ လှမ်းပစ်တယ်ဗျ၊ PDF တွေ ရှိတယ်ဆို ပစ်တယ်လို့ ထင်တာပဲ။ ပစ်တော့ အင်းရွာရဲ့ အရှေ့ဘက်မှာ ပေလမ်းကုန်းဆိုတဲ့ရွာ ရှိတယ်။ အဲ့ဒီ ပေလမ်းကုန်းဆိုတဲ့ရွာကို ကျတာ၊ ဘုန်းကြီးကျောင်းက ဆွမ်းစားဆောင်ကိုကျတာ။ ခါတိုင်း ကိုရင်တွေရဲ့ အမေတွေက လာခေါ်တယ်ပေါ့ ကိုရင်ပေါက်စလေးတွေကို၊ ကိုရင်တွေကလည်း အလှူလုပ်ထားတာ မကြာသေးဘူးတဲ့၊ လူမထွက်တာပေါ့။ ဘုန်းကြီးကလည်း ကာကွယ်မယ်ပြောတယ် အရင်အခေါက်တွေက၊ ဒါပေမဲ့ ဒီတခေါက်ကျတော့ (--) တွေက သူတို့ဆီမရောက်ခင် အင်းရွာကနေ လှမ်းပစ်လိုက်တယ်၊ ဆွမ်းစားဆောင်ပေါ် ကျသွားတာ။ အဲ့ထဲမှာတင် ကိုရင်တပါးရဲ့ မယ်တော်လည်း ရှိတယ်။ သူတို့သားအမိနှစ်ယောက်ရဲ့ အပေါ်ကိုမှ ကွက်တိကျတာ၊ ၆၀ မမက၊ ကျောင်းဆောင်ကလည်း ပျက်စီးသွားတာ၊ ကိုရင် ၁၅ ပါးလောက်လည်း ထိတယ်။”

ဒါ့အပြင် ကိုရင်ငယ်တွေမှာ ယမ်းစထိမှန်ပြီး ခေါင်း၊ ကျောကုန်း၊ တံတောင်ဆစ်၊ ခြေထောက် စတာတွေ ထိခိုက် ဒဏ်ရာရသွားသလို ပြင်းထန်ဒဏ်ရာရပြီး စိုးရိမ်ရတဲ့ ကိုရင်သုံးပါး ရှိတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ ညာဘက်ခြေထောက်ဟာ ဒူးရိုးကြေပြီး ရှေ့နောက် လည်ထွက်သွားသလို ပေါင်မှာလည်း ဒဏ်ရာအကြီးအမား ရရှိသွားပြီး shock wave ဖြစ်ပြီးတဲ့နောက် တနာရီခန့်အတွင်း သေဆုံးသွားသလို သူ့ရဲ့သား ကိုရင်လည်း ဒဏ်ရာအပြင်းအထန် ရသွားပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ မီးရှို့မှုကြောင့် အင်းရွာဗလီနဲ့ ဗလီဆရာနေအိမ်၊ ဗလီမှ နာရေးကားထားတဲ့အခန်း၊ ဗလီအနီးနားရှိ နေအိမ် ၁၅ အိမ်လောက် မီးလောင်သွားတယ်လို့ သိရပါတယ်။

မေ ၁၈ ရက်ကတည်းက စစ်ကောင်စီတပ်တွေဟာ ကြက်တကောင်ကျေးရွာဘက်မှာ ခိုနေပြီး သူတို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ၆၀ မမနဲ့ ပစ်ခတ်တဲ့အတွက် စစ်ကောင်စီဘက်က ၁၂၀ မမနဲ့ ပြန်ပစ်ခတ်တာကြောင့် အင်ဒေါင်းကျေးရွာက အိမ်နှစ်လုံး မီးလောင်သွားသလို ပြည်သူတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ မေ ၁၉ ရက် အစောပိုင်းမှာလည်း အင်ဒေါင်းကနေ သပြေသာရွာအထိ ရောက်လာပြီး သပြေသာ ရွာထဲက နေအိမ်နှစ်လုံးကို မီးရှို့ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

တကောင်း PDF ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ မာမီက "လက်ရှိတော့ သူတို့ သင်္ဘောလည်း ပါတယ်ဆိုတော့ နည်းနည်းစိုးရိမ်ရတယ်။ အဲ့ကောင်တွေက ငါးကြင်းမြီးတွေရော ပါတယ်။ သံခွန်တွေနဲ့ရော စစ်ကူတွေလာတယ်၊ တပ်ကူတွေ ထပ်တိုးတယ်၊ လက်နက်တွေရော၊ ဂရိတ်ဝေါလ်ကနေပြီးတော့ သံခွန်တွေရော၊ အင်အားတွေတင်ပြီးတော့ ရောက်လာတယ်။ အင်အားတော်တော်များတယ်။ လက်နက်တွေရောဆိုတော့ မနိုင်တော့ ကျနော်တို့ ဆုတ်ခဲ့ရတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ လတ်တလောအထိ အင်းရွာမှာ တပ်စွဲထားသလို တပ်မ ၈၈ က အင်အား ၄၀၀ ခန့်နဲ့ အဆိုပါနယ်အတွင်း မွှေနေတယ်လို့ သိရပါတယ်။

ဒ့ါအပြင် ဧရာဝတီမြစ်ကြောင်းကနေ သင်္ဘောတွေနဲ့ စစ်ကူနေပြီး အထက်ပိုင်းကို ဆက်တက်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ ၇၅၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013