
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အရှေ့ရပ်ကွက် အောင်သပြေလမ်းနဲ့ စံပယ်လမ်းအနီးက အထည်ဆိုင်ကို မေ ၁၉ နေ့လယ်ပိုင်းက ကားတစီးပေါ်ကနေ သေနတ်ခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“နေ့လယ်ပိုင်းက အထည်ဆိုင်ရှေ့မှာ ကားတစီးပေါ်ကနေ လာပစ်သွားတာ။ ဘာလို့ပစ်လဲ ဆိုတာတော့ မသိရဘူး။ အမျိုးသမီးငယ် ၁ ဦးသေတယ်။ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရတယ်။”
သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အမျိုးသမီးဟာ တက္ကသိုလ်ကျောင်းသူ မဟန်နီဦးဖြစ်ပြီး ဒဏ်ရာ ရခဲ့သူတွေကတော့ ဦးလေးနဲ့ မိခင်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်အပြီး ကားအမြန်မောင်းသွားတဲ့အတွက်လည်း ဘယ်သူ ပစ်သွားတယ်ဆိုတာ မသိလိုက်ရဘူးလို့ ဒေသခံက ပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အထည်ဆိုင်ဟာ NLD ပါတီနဲ့ နီးစပ်သူတွေ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပေမယ့် ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။