DVB Logo
Home
မြန်မာသတင်း
NUG က မြို့ပေါင်း ၁၅ မြို့တွင် မြို့နယ်တရားသူကြီးအဖွဲ့များခန့်အပ်၊ စက်ရှင်တရားစီရင်ရေးအာဏာ အပ်နှင်း
DVB
·
May 19, 2022
NUG က မြို့ပေါင်း ၁၅ မြို့တွင် မြို့နယ်တရားသူကြီးအဖွဲ့များခန့်အပ်၊ စက်ရှင်တရားစီရင်ရေးအာဏာ အပ်နှင်း
Donate to DVB

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က မြန်မာနိုင်ငံ မြို့နယ်ပေါင်း ၁၅ မြို့မှာ မြို့နယ်တရားသူကြီးအဖွဲ့တွေ ခန့်အပ်လိုက်ပြီး စက်ရှင်တရားစီရင်ရေးအာဏာတွေ အပ်နှင်းကြောင်း ထုတ်ပြန်ကြေညာပါတယ်။

ဒီကြေညာချက်ကိုတော့ NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပြီး အဆိုပါ မြို့နယ်တွေထဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေဖြစ်တဲ့ ​ကသာမြို့နယ်၊ ​ကောလင်းမြို့နယ်၊ ​ကန့်ဘလူမြို့နယ်၊ ​ဗန်းမောက်မြို့နယ်၊ ​ကျွန်းလှမြို့နယ်၊ အင်းတော်မြို့နယ်၊ ​ထီးချိုင့်မြို့နယ်၊ ​ကနီမြို့နယ်၊ ​ဝက်လက်မြို့နယ်၊ ​အရာတော်မြို့နယ်၊ ​မြင်းမူမြို့နယ်၊ ​တန့်ဆည်မြို့နယ်၊ ​ခင်ဦးမြို့နယ်၊ ​တမူးမြို့နယ်နဲ့ ​ယင်းမာပင်မြို့နယ်တွေ ပါဝင်နေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၆ ရက်က စတင်ဖွဲ့စည်းခဲ့တာမို့ အခုနှစ်မှာတော့ အစိုးရသက်တမ်း ၁ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ကာ အာဏာသိမ်းစစ်ကောင်စီဟာ တနေ့တခြား အင်အားနည်းပါး လာပြီဖြစ်တာမို့ အခု ၂၀၂၂ ခုနှစ်အတွင်း တော်လှန်ရေးရဲ့ ကြီးမားတဲ့ အချိုးအကွေ့ အောင်မြင်မှုတခုကို မလွဲမသွေ ရောက်ရှိ လာတော့မယ်လို့လည်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောထားပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ်အစည်းအဝေးကို တင်သွင်းတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း တနှစ်ပြည့် အစီရင်ခံစာမှာ ခုလိုပြောလိုက်တာဖြစ်ပြီး အစိုးရအနေနဲ့ အရင်ကထက် ပိုမိုအားစိုက်ပြီး ကြုံလာမယ့် အခွင့်အလမ်းကောင်းတွေကို အမိအရဆုပ်ကိုင်ကာ အခက်အခဲတွေကို ပြည်သူနဲ့အတူ ကျော်လွှားသွားကြဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

NUG အနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် စစ်ရာဇဝတ်မှုတွေအားလုံးကို နိုင်ငံတကာက အရေးယူနိုင်ရေးအတွက်လည်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့အတူ ဆောင်ရွက်နေပြီး တခြားဆက်စပ် လုပ်ငန်းစဉ်ကြီးတွေဖြစ်တဲ့ စစ်ကောင်စီကို စီးပွားရေး ဒဏ်ခတ်အရေးယူနိုင်ရေး၊ ကိုဗစ်ကာကွယ်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရယူနိုင်ရေး၊ တော်လှန်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေ ရှာဖွေရေးတွေကိုလည်း ဝန်ကြီးဌာနတွေအကြား နီးကပ်စွာပူးပေါင်းချိတ်ဆက် ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူလူထုရဲ့ တော်လှန်ရေးအပေါ် ယုံကြည်စိတ်နဲ့ ကူညီထောက်ပံ့မှုတွေကြောင့် နွေဦးထီကစပြီး ငွေတိုက်စာချုပ်တွေ ရောင်းချတာတွေအပါအဝင် စီးပွားရေးလုပ်ငန်းတွေက အခွန်ငွေတွေ ပေးဆောင်တာတွေကြောင့် ဘဏ္ဍာငွေတွေ ဒေါ်လာသန်းချီပြီးတော့ တော်လှန်ရေးအတွက် ရရှိအသုံးပြုနိုင်ခဲ့ကြောင်းနဲ့ ပြည်သူ့ဘဏ္ဍာငွေဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ ထားရှိတဲ့ အရန်ဘဏ္ဍာငွေ ဒေါ်လာ ၁ ဘီလီယံကို ပြည်သူလူထုအတွက် အသုံးပြုနိုင်ရေးကိုလည်း အားစိုက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲ နေကြတာဖြစ်ပြီး မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် NUG အစိုးရ တည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို လည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013