DVB Logo
Home
မြန်မာသတင်း
ဘုတလင်နှင့် ကနီမြို့နယ်တို့က ကျေးရွာ ၆ ရွာကို စစ်ကောင်စီတပ် မီးရှို့
DVB
·
May 19, 2022
ဘုတလင်နှင့် ကနီမြို့နယ်တို့က ကျေးရွာ ၆ ရွာကို စစ်ကောင်စီတပ် မီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က ကျေးရွာ ၂ ရွာနဲ့ ကနီမြို့နယ်အတွင်းက ကျေးရွာ ၄ ရွာကို စစ်ကောင်စီတပ်တွေက မေ ၁၈ ရက်နေ့မှာ ဝင်ရောက်မီးရှို့တာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးနေရပါတယ်။

ရွာသားတဦးက “ဘုတလင်ကနေလာတဲ့ စစ်ကြောင်းဗျ။ မနေ့တုန်းက‌ ရေဘုတလင်ရွာ မြသိန်းတန်ဘုရားမှာ စခန်းချတယ်။ ဒီနေ့မနက် (မေ ၁၈) ၈ နာရီလောက် ရေဘုတလင်ရွာနဲ့ ဗိုလ်ချုပ်သာအေးရွာဖြစ်တဲ့ ချောင်းဝကြီးရွာကို စပြီးမီးရှို့တယ်။ နှစ်ရွာကအိမ်‌တွေ အကုန်လုံးပြာကျတယ်” လို့ ပြောပါတယ်။

ချင်တွင်းမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာတည်ရှိတဲ့ ရေဘုတလင်ရွာမှာ အိမ်ခြေ ၇၀ ကျော်နဲ့ ချောင်းဝကြီးကျေးရွာက အိမ်ခြေ ၁၃၀ ကျော်ရှိပြီး စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့မီးရှို့သွားတာလို့ ဆိုပါတယ်။ 

ရွာနှစ်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကနီမြို့နယ် ဝင်မနားကျေးရွာ နယ်မြေခံရဲ့စခန်းကနေ ထွက်သွားတဲ့ တပ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ ကနီနယ်ကတော့ မေလ ၁၈ ရက်နေ့ တရက်တည်းနဲ့ ကျေးရွာ ၄ ရွာကို စစ်ကောင်စီက မီးရှို့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း ဘုတလင်မြို့ကနေ ထွက်လာတဲ့စစ်ကြောင်းက ရေဘုတလင်ရွာနဲ့ ချောင်းဝကြီးရွာကို တရွာပြီးတရွာမီးရှို့ခဲ့ပြီး ကျနော် တို့‌ ဘုတလင်မြို့နယ်နဲ့ ကနီနယ်စပ်က ဝက်ချောင်းကလေးရွာကို မီးရှို့ခဲ့တယ်၊ အကုန်ပြာကျသွားတယ်ဗျ။ လက်ရှိမှာလည်း စစ်ကောင်စီက မထွက်သေးဘဲ စခန်းချညအိပ်နေတယ်။ အဲဒါပြီးတော့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက သရက်တောရွာ၊ ဆင်စမ်းရွာ၊ ကင်းတောင်ရွာတွေကိုလည်း စစ်ကောင်စီဒုတိယစစ်ကြောင်းက မီးရှို့နေတာတွေပြုလုပ်ခဲ့တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ယင်းမာပင်မြို့နယ် တရော်ကျင်းရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဖြစ်ပြီး အဲဒီကနေ ကနီရေလယ်ကျွန်းရွာကို ရောက်လာကာ မေ ၁၈ ရက်နေ့ နေ့ခင်းပိုင်းမှာ စတင်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်က ပျူစောထီးရွာကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အနီးဝန်းကျင်က ကျေးရွာနေတွေကို အခုလို မီးရှို့တာဖြစ်နိုင်တယ်လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီက မီးရှို့တဲ့ ဝက်ချောင်းလေးရွာဟာ အိမ်ခြေ ၁၅၀ လောက်နဲ့ သရက်တောရွာ၊ ဆင်စမ်းရွာ၊ ကင်းတောင်ရွာသုံးရွာပေါင်းက အိမ်ခြေ ၄၀၀ နီးပါလောက် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ် မီးရှို့ခံခဲ့ရတဲ့ ကျေးရွာ ၆ ရွာအပါအဝင် အနီးဝန်းကျင်က ကျေးရွာတွေက ဒေသခံ ထောင်ချီ ဘေးလွတ်ရာကို နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ ၇၅၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့တာ သူတို့တပ်ဖွဲ့ဝင်တွေ လုပ်တာမဟုတ်ကြောင်း အမြဲငြင်းဆိုလေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013