
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် မြေကပ်နေကြာပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီဆေးပညာကနေ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
မြေကပ်နေကြာပင်ကို သိပ္ပံလို Sphagneticola trilobata လို့ခေါ်ပြီး အင်္ဂလိပ်လို Creeping Daisy လို့ ခေါ်ပါတယ်။
မြေကပ်နေကြာပင်မှာ Flavonoid, glycoside, luteolin, Demethyl Wedelolactone, Eucalyptol, terpenes, phenolic, sterols, fatty acid, S. trilobata, စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကိုဆန့်ကျင်ခြင်း၊ အသည်းကိုကာကွယ်ပေးခြင်း၊ အစာချေဖျက်ခြင်း၊ ဘက်တီးရီးယားပိုးသတ်ဆေး/မှိုသတ်ဆေး အာနိသင်ရှိခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ အနာကျက်စေခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။
ဆေးဖက်ဆိုင်ရာမှာ မြေကပ်နေကြာပင်ရဲ့ အရွက်၊ အပွင့်၊ အမြစ်နဲ့ တပင်လုံးကို သုံးစွဲကြပါတယ်။ မြေကပ်နေကြာပင်ဟာ အစာစားချင်စိတ်ကို တိုးစေပြီး သည်းခြေရည်စီးဆင်းမှုကို ကောင်းမွန်စေတာကြောင့် အစာမစားမီ အရွက်ဖျော်ရည် ဟင်းစားဇွန်း ၁ ဇွန်း သောက်ခြင်းဖြင့် အစာစားလိုစိတ်ကို တိုးစေပါတယ်။
အစာအိမ်ရောင်ရမ်းခြင်းများမှာ မြေကပ်နေကြာရွက်သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
အစာမကြေခြင်းအတွက် အရွက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို ချင်းမှုန့် ကော်ဖီဇွန်းဝက်နဲ့ အစာမစားမီ နာရီဝက်ခန့်မှာ သောက်ပေးနိုင်ပါတယ်။
အရေပြားအနာတွေ၊ ထိခိုက်ရှနာတွေမှာ အရွက်သတ္တုရည်ကို လိမ်းပေးခြင်းဖြင့် အနာကျက် မြန်စေပါတယ်။
အနာပေါက်နဲ့ ပြည်တည်နာတွေမှာ အရွက်ပြုတ်ရည်ကျကျကို ဖန်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အဖုအကျိတ်နဲ့ ပြည်တည်နာတွေမှာ အရွက်ကို ထုထောင်းပြီး အုံပေးနိုင်ပါတယ်။
ချောင်းဆိုးခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေမှာ အရွက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
အရွက်ခြောက်မှုန့် ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ ရောစပ်ပြီး တနေ့ ၁-၂ ကြိမ် ရေနွေးနဲ့ အစာမစားမီ သောက်သုံးပေးခြင်းဖြင့် အစာလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာတွေကို သက်သာပျောက်ကင်းစေပါတယ်။
အဆစ်ရောင် လေးဘက်နာရောဂါတွေမှာ အပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။
ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းတွေမှာ အရွက်ရေနွေးကြမ်း ၁ ခွက်ကို ချင်းမှုန့် ကော်ဖီဇွန်းဝက်ခန့်နဲ့ တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။
အသည်းရောင် အသားဝါ ရောဂါတွေမှာ အရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ ဆီးကျိတ်ရောင်ခြင်းအတွက် အရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုရောဂါဝေဒနာရှင်တွေ သွေးတွင်းသကြားဓာတ် အနိမ့်အမြင့်ပေါ် မူတည်ပြီး အရွက်သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။ အရွက်သတ္တုရည်ကို ဦးရေပြားမှာ လိမ်းပေးခြင်းက ဆံပင်ကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။
မြေကပ်နေကြာအရွက် ရေနွေးကြမ်း အသင့်အတင့်ကို သောက်သုံးပေးခြင်းဖြင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ နာတာရှည်ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျော့ပါးစေပါတယ်။ အသက်ရှူလမ်းကြောင်းနဲ့ အစာလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးတဲ့အပြင် အမျိုးသမီး ကျန်းမာရေးကိုလည်း စောင့်ရှောက်ပေးပါတယ်။ ဆီးနဲ့ ကျောက်ကပ်ကျန်းမာရေးကို ထိန်းသိမ်းပေးပြီး ဆီးကျိတ်ရောင်ရမ်းခြင်းကို ကာကွယ်ပေးပါတယ်။
မြေကပ်နေကြာပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း၊ မအီမသာဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ မြေကပ်နေကြာပင်နဲ့ ဓာတ်မတည့်သူတွေ မြေကပ်နေကြာပင်ထွက် ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ မြေကပ်နေကြာပင်ကို သောက်ဆေးအဖြစ် သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
နွေဦးပြည်သူတွေ မြေကပ်နေကြာပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။











