DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံသာသနာ့နယ်မြေရှိ မယ်တော်မာရီရုပ်တုကို စစ်ကောင်စီတပ်က ဖျက်ဆီး
DVB
·
May 18, 2022
ဖယ်ခုံသာသနာ့နယ်မြေရှိ မယ်တော်မာရီရုပ်တုကို စစ်ကောင်စီတပ်က ဖျက်ဆီး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံသာသနာ့နယ်မြေရှိ ကက်သလစ်ဘုရားကျောင်းထဲမှာ ပြီးခဲ့တဲ့သီတင်းပတ်က စခန်းချသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မယ်တော်မာရီရုပ်တုကို ဖျက်ဆီးသွားခဲ့ပြီး၊ ကျေးရွာမှာလည်း  အပျက်အစီးအပြိုအပျက်တွေ ကျန်ရစ်ခဲ့တယ်လို့  ဘုရားကျောင်းသတင်းရင်းမြစ်တွေကို ကိုးကားပြီး ကက်သလစ်ခရစ်ယာန်သတင်းဌာန UCA News မှာ ရေးသားဖော်ပြပါတယ်။

ကရင်နီလူမျိုးစုတွေနေထိုင်တဲ့ လုံးခဲစီရင်စုအောက်မှာရှိတဲ့ တံတားကူးကျေးရွာအနီးရှိ ရေတံခွန်တလျှောက်မှာ မယ်တော်မာရီရုပ်တုကို လွန်ခဲ့တဲ့ သုံးနှစ်က ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ  ဒေသခံကာကွယ်ရေးတပ်တွေ ပုန်းအောင်းနေတယ်၊ ဒါမှမဟုတ် လက်နက်တွေ ဝှက်ထားတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ရှာဖွေဖို့ဆိုပြီး ခရစ်ယာန် ဘုရားကျောင်းတွေကို မကြာခဏ ဝင်ရောက်စီးနင်းလေ့ရှိပြီး အကြမ်းဖက် ဖျက်ဆီးသွားတတ်လေ့ရှိတယ်လို့ ဆိုပါတယ်။ 

ဖယ်ခုံသာသနာပိုင်နယ်မြေဟာ ပြီးခဲ့တဲ့ မေလကတည်းက စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာတဲ့ ကယားပြည်နယ်ထဲက လွိုင်ကော်သာသနာပိုင် နယ်မြေအနီးနားက ထိခိုက်မှုအခံရဆုံး ဒေသတွေထဲက တခုဖြစ်ပါတယ်။ 

ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ဖယ်ခုံခရိုင်အတွင်းမှာ သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခံခဲ့ရတဲ့ Sacred Heart ကက်သီဒြယ် အပါအဝင် ဘုရားရှိခိုးကျောင်းတွေပျက်စီးခဲ့ရပြီး သာသနာ့နယ်မြေ ၆ ခုကို စွန့်ပစ်ထားခဲ့ရတယ်လို့ ဘုရားကျောင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

မနှစ်ကတည်းက ဖယ်ခုံခရိုင်ကနေ လူပေါင်း ၅၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး တောင်ကြီးခရိုင်အတွင်းရှိ ဘုရားကျောင်းဝင်းထဲမှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။ 

ဒေသအတွင်း တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေလို့ ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) တွေ နေရပ်မပြန်နိုင်ကြသေးဘဲ ဖယ်ခုံခရိုင်အတွင်း အခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း ခရစ်ယာန်ဘုရားကျောင်း လူမှုရေးဝန်ထမ်းတဦးက ပြောပါတယ်။ 

ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ စစ်တပ်ရဲ့ ပိတ်ပင်တားဆီးမှုတွေကြားမှာ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးအပ်ဖို့ ရုန်းကန်နေရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက   UCA News ကို ပြောကြားပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အပါအဝင် ဘာသာရေးခေါင်းဆောင် အများအပြားက ဝတ်ပြုရာနေရာတွေကို အကာအကွယ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုနေပေမဲ့ စစ်အာဏာရှင်တွေကတော့ တိုင်းရင်းသားဒေသတွေနဲ့ ကျေးရွာတွေမှာ အရပ်သားတွေအပေါ် ဖိနှိပ်မှုတွေကို ဖြေလျှော့ပေးမယ့် အရိပ်အယောင် မပြသေးပါဘူး။

ကိုးကား- UCA News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013