
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ခဲ့တာကြောင့် နေအိမ် ၂ လုံး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၂၈ ရက်နေ့လယ် ၂ နာရီကျော်အချိန်က အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက် ၁၇x၁၈ လမ်း၊ ၈၂ x ၈၃ လမ်းကြားမှာရှိတဲ့ ဦးကျင်ရွှေရဲ့ နေအိမ်အောက်ထပ်ရှိ ဆိုလာကွန်ထရိုလာအဝင်ကြိုး အပူလွန်ကဲပြီး အနီးရှိစာအုပ်ပုံတွေကို မီးကူးစက်ကာ စတင်မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
မီးငြှိမ်းသတ်ရာမှာ သွားရောက်ကူညီပေးခဲ့သူတယောက်က “ဆိုလာကွန်ထရိုလာ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်တာလို့ သိရတယ်။ လူထိခိုက်မှု မရှိပါဘူး။ ဦးကျင်ရွှေရဲ့အိမ်နဲ့ နောက်ထပ်အိမ်တလုံး မီးထဲပါသွားတယ်” လို့ ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့ နေရာကို မန္တလေးတိုင်း၊ အောင်မြေသာစံ မီးသတ်စခန်းက မီးသတ်ယာဉ်တွေ၊ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေ ဝိုင်းဝန်မီးငြှိမ်းသတ်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့ စစ်ဆေးထားပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင် ဦးကျင်ရွှေကိုလည်း မီးပေါ့ဆစွာ သုံးစွဲမှုနဲ့ အရေးယူ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။










