DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ ရေဘေးသင့်ဒေသခံများ သောက်သုံးရေနှင့် ဆေးဝါး လိုအပ်
DVB
·
September 3, 2026
Photo : DVB
Photo : DVB
Donate to DVB

တနင်္သာရီမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းနေတဲ့အတွက် တနင်္သာရီမြစ်ရေဟာ စိုးရိမ်ရေ အမှတ်ထက် မြင့်တက်လာကာ ဒေသခံထောင်ချီဟာ ရေဘေးလွတ်ရာကို ရွှေ့ပြောင်းနေရပြီး သောက်သုံးရေနဲ့ ဆေးဝါး‌တွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တနင်္သာရီမြို့နယ်မှာ ဩဂုတ် ၁၄ ရက်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းပြီး တနင်္သာရီမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် စတင်ကျော်လွန်ခဲ့ကာ စက်တင်ဘာ ၂ ရက် မှာတော့ အန္တရာယ်ရေအမှတ်ထက် ၁ ပေခွဲလောက် အထိ မြင့်တက်လာခဲ့တာပါ။

အဲဒီလို မြစ်ရေတက်လာတဲ့အတွက် တနင်္သာရီမြို့ပေါ်က မြေနိမ့်ပိုင်းမှာ နေထိုင်သူတချို့ဟာ ဘုန်းကြီးကျောင်းတွေနဲ့ ယာယီရေဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။

မြို့ပေါ်အပြင် ပဝ၊ ညောင်ပင်ကွင်း၊ လယ်တောင်နဲ့ မော်တုန်းကျေးရွာတွေ အပါအဝင် ကျေးရွာ ၂၀ လောက်မှာလည်း ရေဘေးသင့်ပြည်သူ အများအပြားရှိနေပြီး သောက်သုံးရေ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ဆေးဝါးတွေတော့ လိုအပ်မှာပေါ့။ ကိုက်ခဲတို့၊ နှာစေးချောင်းဆိုးတို့ ဒီမှာက မိုးအဆက်မပြတ်ရွာတော့လေ။ ဒါပေမဲ့ ကျန်းမာရေးဌာနတော့ ရှိတယ်။ မြစ်ရေမဝင်အောင် ရေတံခါးတော့ ရှိတယ်။ ဒီရေတံခါးက ရေစတက်ကတည်းက ပိတ်ထားတယ်။ ဒီထဲမှာ မြစ်ကနေ လျှံပြီး ဝင်လာတဲ့ရေတွေနဲ့ မိုးရွာတဲ့ရေတွေနဲ့ပေါ့။ အဲဒီရေတွေက တံခါးက ပိတ်ထားတာ ကြာတော့ ဒီရေတွေက ဘာဖြစ်လာလဲဆိုတော့ မဲလာကုန်ပြီ။ ရေတွေက မသန့်ရှင်းတော့ဘူး။ ရေလည်းလျှံ တော့ ယားတာတို့ ဘာတို့ ဖြစ်လာတယ်။ လောလောဆယ်တော့ ရေညစ်ပတ်နေတဲ့ အခက်အခဲတော့ ဖြစ်နေတယ်” လို့ ပြောပါတယ်။

မိုးအဆက်မပြတ် ရွာသွန်းနေတဲ့အပြင် မြို့တွင်း ရေတံခါး ပိတ်ထားရတာ ကြာပြီဖြစ်တဲ့အတွက် မိုးရေနဲ့ မြစ်ရေလျှံပြီး ဝင်လာတဲ့ ရေတွေဟာ မသန့်ရှင်းတော့ဘဲ မည်းနက်လာပြီး ဒေသခံတွေ အရေပြားယားယံတဲ့ အခက်အခဲတွေလည်း ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ မော်တုန်းကျေးရွာ အပါအဝင် ရေဘေးသင့်ရွာတွေမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဖို့ သောက်သုံးရေသန့်၊ ဓာတ်ဆားနဲ့ အစာခြောက်တွေ အရေးပေါ် ထောက်ပံ့ဖို့ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ကူညီပေးသူတယောက်က “လောလောဆယ် မော်တုန်းရွာမှာက အိမ်ခြေ ၂၀၀ ကျော်လောက် ရှိတယ်။ ဝမ်းပျက်ဝမ်းလျှောနဲ့ ရေသန့်တော့ အရေးကြီးတာပေါ့။ ရေသန့်ရယ်၊ ဓာတ်ဆားရယ်၊ အစာခြောက်တွေရယ် သူတို့အတွက် လိုအပ်နေတယ်” လို့ ပြောပါတယ်။

ရေကြီးရေလျှံတဲ့ ဒေသတွေထဲမှာ စစ်ရေးတင်းမာနေတဲ့ နေရာတွေလည်း ပါဝင်တဲ့အတွက် ဒေသခံ တွေက လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေဖြစ်နေပြီး ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေတဲ့ အတွက် အကူအညီတွေ ပိုလိုအပ်နေတယ်လို့ ဆိုပါတယ်။

ရေကြီးမှုကြောင့် တနင်္သာရီ-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးမှာလည်း ကုန်ကားနဲ့ ခရီးသည်တင်ကားတွေ ပိတ်မိနေပြီး ဒေသခံတွေကတော့ ဆိုင်ကယ်တွေကို လှေ၊ ဖောင်တွေနဲ့ သယ်ယူကာ သွားလာနေကြရပါတယ်။

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013