DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ်၊ အင်းပတ်ရွာကို စစ်ကောင်စီတပ် ဒုတိယအကြိမ်မီးရှို့
DVB
·
May 17, 2022
ခင်ဦးမြို့နယ်၊ အင်းပတ်ရွာကို စစ်ကောင်စီတပ် ဒုတိယအကြိမ်မီးရှို့
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာကို မေလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်တွေ ဒုတိယအကြိမ်ဝင်ရောက်ပြီး မီးရှို့အကြမ်းဖက်နေတယ်လို့ အင်းပတ်ရွာသူ တယောက်က ပြောပါတယ်။

“သူတို့က မနက်ပိုင်းထဲက ဝင်ဖို့ ကြိုးစားနေတာ။ အခု နေ့လယ် ၁ နာရီခွဲလောက်မှာ ထပ်ဝင်ပြီး မီးရှို့နေပါတယ်။ ရွာသားတွေကတော့ ပြေးနေရပါတယ်။ ကျမတို့မှာ အဆက်အသွယ်တွေက မရှိတော့ ဘယ်သူ့ကို အကူအညီတောင်းလို့တောင်းရမှန်းလည်း မသိပါဘူး။ အင်းပတ်တင်မကဘူး၊ အနီးနားရွာတွေမှာလည်း ကျမတို့အမျိုးတွေ ရှိပါတယ်။ သူတို့အတွက်လည်း စိတ်ပူရပါတယ်။ အကူအညီတွေလည်း ကောင်းကောင်းမရပါဘူး။ ဒေသတွင်းအဖွဲ့တွေက နည်းလမ်းပေါင်းစုံနဲ့ အကူအညီပေးကြပေမယ့် မလုံလောက်ဘူး ဖြစ်နေပါတယ်။ ဒီလိုတွေ မြင်နေရ၊ ကြားနေရတော့ တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ ကျမတို့ရွာတွေမှာ အိမ်တလုံးဖြစ်ဖို့ မလွယ်ဘူးရှင့်။ ကောက်စိုက် တောင်သူလုပ်ပြီး ခက်ခက်ခဲခဲ ရှာဖွေထားရတာပါ” လို့ အင်းပတ်ရွာသူ တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က မေ ၁၆ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ အင်းပတ်ကျေးရွာအတွင်း ဝင်ရောက်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စာသင်ကျောင်းမှာ ယာယီနေထိုင်ကြတဲ့ နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအပါအဝင် ဒေသခံတွေ  ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

အင်းပတ်ရွာသူတဦးက “သူတိုက မြို့သစ်၊ ကံကြီးကုန်း၊ ရွှေယမင်း၊ ရွှေသိမ်တော်ကျေးရွာတွေကို ဖျက်ဆီးတာတွေမီးရှို့တာတွေလုပ်ခဲ့ပြီးတော့ ဒီနေ့ အင်းပတ်ရွာစာသင်ကျောင်းထဲမှာထားတဲ့ ကျမတို့ရွာက မီးဘေးသင့်ပြည်သူတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ကြတယ်။ အဲလိုပစ်ခတ်လို့ အခုစစ်ဘေးရှောင်တွေရော၊ မီးဘေးသင့်သူတွေရော အကုန်အသက်လုထွက်ပြေးရတယ်။ အထိအခိုက်အကျဆုံးတော့ မရှိခဲ့ဘူး။ ကျမတို့ကို ဒေသခံပြည်သူကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်မလာခင်ကတည်းက ကြိုတင်လုံခြုံတဲ့နေရာကို ပို့ပေးထားခဲ့တယ်။ အခုလို စစ်ကောင်စီက ဘာကြောင့် ပစ်ခတ်တာလဲဆိုတော့ လူစုစုရှိရင် သူတို့ကို တော်လှန်သူတွေပဲ ထင်လို့ အခုလိုပစ်တာဖြစ်မယ်” လို့ ပြောပါတယ်။

ဒေသခံပြည်သူကာကွယ်ရေးတဦးက “ကျနော်တို့ အရင် ပထမရွာ မီးရှို့ခံရပြီး အိုမဲ့အိမ်မဲ့ဖြစ်နေတဲ့ ဒေသခံတွေကို ရွာကစာသင်ကျောင်းထဲ ယာယီထားပြီး ကျနော်တို့ ကူညီဆောင်ရွက်တာတွေ လုပ်ပေးနေတယ်။ အစားအသောက်တွေပါ စီစဉ်ပြေးထားတယ်ပေါ့ဗျာ။ အခုဂာ သူတို့ ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ၆ ချက်လောက်ပစ်ခတ်တယ်။ အထိအခိုက် အပျက်အစီးတွေတော့ အနည်းငယ်ရှိခဲ့တယ်။ အခုလည်း သူတို့ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် မပေါက်သေးတဲ့တလုံး ရှိသေးတယ်။ နောက်ပြီး ကျနော်တို့ရွာက မဟုတ်တဲ့သူတဦး အသတ်ခံထားရတဲ့ အလောင်းလည်း တွေ့တယ်။ အိမ် ၅ လုံးကိုလည်း မီးရှို့ထားခဲ့တယ်” လို့ ပြောပါတယ်။ 

ခင်ဦးမြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေကို ပြည်သူအချင်းချင်း တိုက်ရိုက်ချိတ်ဆက်ပြီး အကူအညီပေးကြဖို့ ဒေသခံပရဟိတသမားတွေက မေတ္တာရပ်ခံထားပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က အင်းပတ်ရွာကို မေ ၂ ရက်နေ့ကလည်း စစ်ကောင်စီက ပထမအကြိမ် အကြမ်းဖက်မီးရှို့ခဲ့ပြီး  အိမ်ခြေ ၅၀၀ ကျော်ထဲက အိမ်ခြေ ၃၀၀ ထက်မနည်း မီးလောင် ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအများအပြားကို အခုလို မီးရှို့တာတွေ လုပ်ဆောင် ခဲ့တာကြောင့် အိမ်ထောင်စုထောင်နဲ့ချီ အိုမဲ့အိမ်မဲဖြစ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ်ဖေဖော်ကစပြီး အခုနှစ်ဧပြီ ၃၀ ရက်အထိ နိုင်ငံတဝန်း နေရာပေါင်း ၂၉၆ နေရာလောက်မှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့လို့  ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၁၁,၄၁၇ လုံးရှိပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက ၇၅၀၀ ကျော်နဲ့ အများဆုံးဖြစ်တယ်လို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013