DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ဓာတ်ပုံများချိတ်ဆွဲပြသထားသည့် ရ၀မ်ယဥ်‌ကျေးမှုပြတိုက်ဖွင့်ပွဲ ရဝမ်လူထုဝေဖန်
DVB
·
May 17, 2022
စစ်အာဏာရှင်ဓာတ်ပုံများချိတ်ဆွဲပြသထားသည့် ရ၀မ်ယဥ်‌ကျေးမှုပြတိုက်ဖွင့်ပွဲ ရဝမ်လူထုဝေဖန်
1 / 5
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ရ၀မ်အမျိုးသားပြတိုက်ဖွင့်ပွဲအခမ်းအနားကို ဒေသခံ ရ၀မ်ပြည်သူတွေကို အသိမပေးဘဲ စစ်ကောင်စီက ကျင်းပခဲ့တဲ့အပေါ် ရ၀မ်လူထုက ဝေဖန်နေကြပါတယ်။

ကချင်မျိုးနွယ်စုထဲက ရ၀မ်လူမျိုးတွေရဲ့ ရ၀မ်ယဉ်ကျေးမှုပြတိုက် ဖွင့်ပွဲအခမ်းနားကို မေ ၁၆ ရက်က ဒုတ္တန်ရပ်ကွက်မှာ  ပြုလုပ်ခဲ့ပြီး အဆိုပါဖွင့်ပွဲကို စစ်ကောင်စီရဲ့ လက်ပါးစေတွေသာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဖွင့်ပွဲရဲ့ မုခ်ဝမှ ရေးထားတဲ့ ရ၀မ်စာလုံးမှာလည်း မှားယွင်းစွာရေးသားထားသလို ပြတိုက်အတွင်းပိုင်းမှာလည်း စစ်အာဏာရှင်အုပ်စုရဲ့ ဓာတ်ပုံတွေကို ချိတ်ဆွဲထားလို့ ရ၀မ်လူထုက ပြစ်တင်ဝေဖန်နေကြတယ်လို့ ဆိုပါတယ်။

ရဝမ်လူငယ်တဦးက “ရ၀မ်တမျိုးသားလုံးအတွက် သိပ်ကို၀မ်းသာစရာ၊ ဂုဏ်ယူစရာ ယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲဆိုပေမဲ့ ရ၀မ်လူထု အယောက် ၁၀၀ တောင် မတက်ခဲ့ပါဘူး။ ကျနော်တို့ဆို လိုင်းပေါ်တက်လာမှ သိလို့ အရမ်းအံ့ဩကြတယ်။ ရ၀မ်လူထုမကဘူး တနိုင်ငံလုံးက ပြည်သူတွေ ဒုက္ခရောက်နေချိန် မလုပ်သင့်တဲ့ကိစ္စဖြစ်နေတယ်” လို့ ပြောပါတယ်။

နိုင်ငံရေးမငြိမ်သက်နေချိန်မှာ ရ၀မ်ယဥ်‌‌ကျေးမှုပြတိုက်ဖွင့်ပွဲ ကျင်းပနေတာဟာ စစ်ကောင်စီက နိုင်ငံရေးအမြတ်ထုတ်တာလို့ ထိုင်းနိုင်ငံရောက် ရ၀မ်လူမျိုးတဦးက ‌ပြောပါတယ်။

“ပြတိုက်တည်ဆောက်ပြီးစီးတာကြာလို့ ဆုတောင်းပွဲလုပ်နေတယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ရ၀မ်လူထုတော်တော်များများ ဖွင့်ပွဲအခမ်းအနားပုံတွေ အွန်လိုင်းပေါ် တက်လာမှ သိကြတယ်ဆိုတာ လုံး၀မဖြစ်သင့်ပါဘူး။ တက်ရောက်တဲ့သူတွေကလည်း ကြံ့ခိုင်ရေး ပါတီလူကြီးတွေပဲ မြင်ရတယ်၊ ဒါက နိုင်ငံရေးအမြတ်ထုတ်နေတာဖြစ်တယ်။”

ရ၀မ်အနုပညာရှင်တဦးက “ရဝမ်ယဉ်ကျေးမှုပြတိုက်ဖြစ်တဲ့အတွက် ရဝမ်တမျိုးသားလုံးကို ဖိတ်ခေါ်ပြီး အားလုံးဂုဏ်ယူစွာနဲ့ ပါဝင်သင့်ပါတယ်။ ရ၀မ်တမျိုးသားလုံးရဲ့ ရာဇဝင်မှတ်တမ်းထားရှိရမယ့် နေရာဖြစ်တဲ့အတွက် ပွင့်လင်းမြင်သာမှုရှိရှိ လုပ်သင့်တယ်။ လူမျိုးစုရဲ့ယန္တရားဦးဆောင်သူ အမည်ခံပုဂ္ဂိုလ်တွေဟာ လူမျိုးစုအပေါ် လုံးလုံးလျစ်လျူရှုပြီး စိတ်ကြိုက်ခြယ်လှယ်နေတာဖြစ်တယ်” လို့ ပြောပါတယ်။

ရ၀မ်ယဉ်ကျေးမှုပြတိုက် တည်ဆောက်ရေးအတွက် ၂၀၁၉ ခုနှစ် အန်အယ်လ်ဒီအစိုးရလက်ထက်က ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူရဲ့ ပူတာအိုခရီးစဥ်မှာ သဘာ၀ဘေးအန္တရာယ် ရန်ပုံငွေထဲက ဘတ်ဂျက်ချပေးခဲ့တာလို့ ရ၀မ်လူမျိုးရေးရာ၀န်ကြီး ဦးဂျော်ရမ်က ပြောပါတယ်။

“ဘတ်ဂျက်က သိန်းပေါင်း ၄၀၀၀ ကျော် ချပေးခဲ့တာဖြစ်ပါတယ်။ ဒီနေ့ဖွင့်ပွဲလုပ်မယ်ဆိုတာ ကျနော်လည်း မသိပါဘူး။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ တည်ဆောက်ပြီးစီးခဲ့တာဖြစ်လို့ သူတို့စိတ်ကြိုက် ခြယ်လှယ်တာဖြစ်တယ်။ ရ၀မ်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့၀င်တချို့က စစ်ကောင်စီရဲ့ လက်ပါးစေလုပ်နေကြလို့ ရ၀မ်အရေး သီးသန့်တိုင်ပင်တာလည်း မရှိဘူး” လို့ ပြောပါတယ်။

ရ၀မ်ယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲအခမ်းနားကို အာဏာသိမ်းစစ်ကောင်စီခန့် ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013