အီရန်နဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ ပဋိပက္ခကြားမှာ ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာပြီးတဲ့နောက် မတ် ၂၂ ရက်မှာ လက်ဘနွန်တောင်ပိုင်းက လီတာနီမြစ်ကို ဖြတ်ကူးတဲ့ ကွာစမီယာတံတားကို အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့ပါတယ်။
လက်ဘနွန်နိုင်ငံ လီတာနီမြစ်ပေါ်က တံတားအားလုံးကို ဖျက်ဆီးဖို့နဲ့ အစ္စရေးနယ်စပ်အနားက လက်ဘနွန်အိမ်တွေကို ဖြိုဖျက်ဖို့ အစ္စရေးစစ်တပ်ကို အမိန့်ပေးပြီးတဲ့နောက် ခုလို တိုက်ခိုက်ခဲ့တာလို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံ လီတာနီမြစ်နဲ့ မြစ်တောင်ဘက်ဒေသက လက်ကျန် တံတားတွေကို ထိန်းချုပ်သွားမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က မတ် ၂၄ ရက်မှာ ကာယာဌာနချုပ်မှာ လုံခြုံရေးအစိုးရအဖွဲ့ကိုပြောတဲ့ မိန့်ခွန်းအတွင်း ပြောဆိုခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာက အကြမ်းဖက်သမားတွေနဲ့ လက်နက်တွေကို သယ်ယူပို့ဆောင်ရာမှာ သုံးခဲ့တဲ့ လီတာနီမြစ်ပေါ်က တံတား ၅ စင်းလုံးကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီး အစ္စရေးကာကွယ်ရေးတပ် IDF က လီတာနီအထိ လုံခြုံရေးဇုန်ထဲက လက်ကျန်လမ်းကြောင်းတွေကို ထိန်းချုပ်သွားမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ပြောခဲ့ပါတယ်။
အစ္စရေးတပ်တွေ လက်ဘနွန်တောင်ပိုင်းကို သိမ်းပိုက်တာကနေ ကာကွယ်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ လက်ဘနွန်လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာတွေက မတ် ၂၄ ရက်မှာ ပြောခဲ့ပြီး အစ္စရေးရဲ့ လုပ်ရပ်ဟာ လက်ဘနွန်နိုင်ငံအတွက် “တည်ရှိမှုဆိုင်ရာ ခြိမ်းခြောက်မှု” ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
လီတာနီမြစ် တောင်ဘက်က အစ္စရေးရဲ့ သိမ်းပိုက်မှုမှန်သမျှ ခုခံမှုနဲ့ ရင်ဆိုင်ရမယ်လို့ ဟစ်ဇ်ဘိုလာ အကြီးတန်း ဥပဒေပြုအမတ် ဟာဆန် ဖာဒလာလာက ပြောပါတယ်။
“ဒီကျူးကျော်မှုကို ရင်ဆိုင်ပြီး မြေယာကို ဆုပ်ကိုင်ထားရုံကလွဲလို့ ကျနော်တို့မှာ ရွေးချယ်စရာမရှိပါဘူး” လို့ သူက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အစ္စရေးဟာ လက်ဘနွန်တောင်ပိုင်း လီတာနီမြစ်အထိ “ကာကွယ်ရေးကြားခံ” တခု ဖန်တီးဖို့ သိမ်းပိုက်မယ်လို့ ပြောခဲ့ပါတယ်။
ဒါဟာ လက်ဘနွန်နိုင်ငံဧရိယာရဲ့ ဆယ်ပုံတပုံနီးပါးရှိတဲ့ နယ်မြေကို သိမ်းဖို့ အစ္စရေးရဲ့ ရည်ရွယ်ချက်ကို ပထမဆုံးအကြိမ်အဖြစ် ဖော်ပြတာလည်း ဖြစ်ပါတယ်။
Source: Reuters










