DVB Logo
Home
မြန်မာသတင်း
စစ်တပ်လော်ဘီများက အမုန်းစကားနှင့် သတင်းမှားများကို ကမ်ပိန်းပုံစံ ဖြန့်ဝေလာ
ဇွဲသစ်
·
June 28, 2026
စစ်တပ်လော်ဘီများက အမုန်းစကားနှင့် သတင်းမှားများကို ကမ်ပိန်းပုံစံ ဖြန့်ဝေလာ
1 / 3
Photo : BHRN
Donate to DVB

စစ်တပ် အာဏာသိမ်းထားတဲ့ ကာလအတွင်း လူမှုကွန်ရက်မှာ အမုန်းစကားနဲ့ သတင်းမှား ဝါဒဖြန့်တာကို စစ်လော်ဘီတွေက တဦးချင်း လုပ်ဆောင်လာရာကနေ အုပ်စုဖွဲ့ပြီး ကမ်ပိန်းပုံစံ လုပ်တာ ပိုများလာတယ်လို့  ဒစ်ဂျစ်တယ်အခွင့်အရေး လှုပ်ရှားသူတွေက သုံးသပ်ပါတယ်။ 

မြန်မာစစ်တပ်နဲ့ ဆက်နွှယ်တဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၊ အကောင့်နဲ့ ကွန်ရက်တွေကို စနစ်တကျ ညှိနှိုင်းလုပ်ဆောင်နေတဲ့ မမှန်ကန်တဲ့ အပြုအမူတွေကြောင့် ၂၀၁၈ ခုနှစ်ကနေစတင်ပြီး  Meta လို ဆိုရှယ်မီဒီယာတွေကနေ ဖယ်ရှားဖျက်သိမ်းခဲ့တာပါ။

စစ်အာဏာသိမ်းထားတဲ့ ၅ နှစ်ကျော်ကာလအတွင်းမှာ စစ်လော်ဘီတွေရဲ့  လူမှုကွန်ရက် စာမျက်နှာအသစ်တွေပေါ်ကနေ အမုန်းစကားဖြန့်ဝေမှု၊ သတင်းတုသတင်းမှားဖြန့်ဝေမှုတွေ ပိုဆိုးလာသလို အဲဒီအကောင့်အသစ်တွေကိုပါ ထပ်မံဖယ်ရှားခဲ့ပါတယ်။

ဒီလို ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေကနေ ဖယ်ရှားခံရတဲ့ စစ်လော်ဘီတွေရဲ့ ဝါဒဖြန့်အကောင့်တွေ၊ ချယ်နယ်တွေဟာ တယ်လီဂရမ်နဲ့ TikTok ဘက်ကို ပြောင်းရွှေ့သွားတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

လက်ရှိမှာဆိုရင် စစ်တပ်လော်ဘီတွေဟာ အမုန်းစကားနဲ့ သတင်းမှားတွေကို စနစ်တကျ ကမ်ပိန်းပုံစံနဲ့ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတာ တွေ့ရတယ်လို့ ဒစ်ဂျစ်တယ် အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အသံအဖွဲ့ ရဲ့ ဒါရိုက်တာ Zee Pe က “စစ်တပ်ရဲ့ ဝါဒဖြန့်မှုတွေကို ကြည့်မယ်ဆိုရင် ဘာကြောင့် သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ အမုန်းစကားတွေကို ဖြန့်လဲ၊ သတင်းအမှားတွေဖြန့်လဲဆိုရင် သူတို့ရဲ့ လုပ်ပုံတွေကိုကြည့်ရင် တခုခုဆိုရင် TikTok ဗီဒီယိုကနေ ဘာသာရေး အမုန်းတိုက်ပွဲတွေ ပြောမလား၊ နွေဦးတော်လှန်ရေး ဆန့်ကျင်ရေး အမုန်းစကားတွေ၊ သတင်းအမှားတွေ ပြောမလား။ ဒါတွေကို လုပ်တဲ့ပုံစံက တူညီတဲ့ကောမန့်တွေ အယောက် ၃၀၊ ၄၀ မန့်ကြတာမျိုး၊ တူညီတဲ့ပို့စ်ကို အယောက် ရာကျော်က ပို့စ်တင်တာမျိုး၊ ဒါတွေက ရည်ရွယ်ချက်ရှိရှိနဲ့ ကမ်ပိန်းသဘောမျိုး လုပ်နေတာတွေကို ကျမတို့ မြင်ရတယ်။ ကျမတို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းကနေ အမြဲတမ်း ထုတ်ပြန်နေကျ အမုန်းစကားအစီရင်ခံတွေကို ကြည့်မယ်ဆိုရင် လူမျိုးစု၊ အုပ်စုတွေကို ပစ်မှတ်ထားပြီး ဖြန့်ဝေတဲ့ အမုန်းစကားက အများဆုံးဖြစ်တယ်။ ပြီးရင် အဲဒီကမှ အဓိက ပြည်သူကို ပစ်မှတ်ထားတာ အများဆုံး တွေ့ရပါတယ်” လို့ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာစစ်တပ်ဟာ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးအခင်း မတိုင်ခင် ဖေ့စ်ဘွတ်ခ်ကိုအသုံးပြုပြီး လူမျိုးရေးအမုန်းတရားတွေနဲ့ သတင်းမှားတွေကို စနစ်တကျ ဖြန့်ဝေခဲတေယ်လို့ ဖော်ပြထားပါတယ်။

Reuters နဲ့ AP သတင်းဌာနတို့ရဲ့ စုံစမ်းဖော်ထုတ်မှုတွေအရ ဖေ့စ်ဘွတ်ခ်မှာ ရိုဟင်ဂျာနဲ့ မွတ်ဆလင် ဆန့်ကျင်ရေး အမုန်းစကား ပို့စ်ပေါင်း ၁,၀၀၀ ကျော် ရှိခဲ့ပြီး ပလက်ဖောင်းဘက်က အချိန်မီ မဖယ်ရှားနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ 

လက်ရှိမှာတော့ ဖေ့စ်ဘွတ်ခ်မှာတင် မကဘဲ တယ်လီဂရမ်နဲ့ TikTok စတဲ့ လူမှုကွန်ရက်တွေမှာပါ အမုန်းစကားတွေ ပိုမိုပျံ့နှံ့လာနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

Speech Matters Myanmar က လေ့လာ သုံးသပ်သူတယောက်က “ဖေ့စ်ဘွတ်၊ တယ်လီဂရမ်၊ TikTok စတဲ့ ပလက်ဖောင်းတွေမှာဆိုရင် အမုန်းစကားတွေက တော်တော်လေးကို ပြန့်ပွားလွယ်၊ ပေါက်ပွားလွယ်နေတာပေါ့နော်။ ကလစ်တခု နှိပ်လိုက်တာနဲ့တင် တမိနစ်အတွင်းမှာ ရာနဲ့ ထောင်နဲ့ချီပြီး ပြန့်ပွားမှုနှုန်း ရှိနေတာပေါ့။ တချို့ကတော့ ပြောကြလိမ့်မယ်။ နည်းပညာ ကုမ္ပဏီတွေက Sensitive (ထိခိုက်ရှလွယ်) ဖြစ်တဲ့ Content တွေကို အလွယ်တကူ တင်မရဘူးဆိုပေမဲ့ သူတို့ သတ်မှတ်ချက်တွေကို ကျော်လွှားပြီးတော့ Trick လုပ်ပြီး တင်ကြတာတွေ ရှိတယ်။ အမုန်းတရားတွေက ပြန့်ပွားနေတယ်။ ဒါတွေက ဘယ်လို Impact တွေ ဖြစ်ဖြစ် ပြန်ပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှု မခံရတဲ့အချိန်မှာ လူတွေက အလွယ်တကူပဲ ဒါကို ဟာကွက် တခုအနေနဲ့ သုံးပြီး ဖြန့်ဝေနေကြတာ တွေ့ရပါတယ်” လို့ ပြောပါတယ်။

Burma Human Rights Network ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ လူမှုကွန်ရက်ပေါ်မှာ အမုန်းစကား ဖြန့်ဝေမှု ၉၄၃ ခုကို မှတ်တမ်းတင်ထားပြီး၊ တယ်လီဂရမ်၊ ဖေ့စ်ဘွတ်ခ်နဲ့ TikTok တို့မှာ အများဆုံး တွေ့ရှိခဲ့ပါတယ်။

ကျွမ်းကျင်သူတွေကတော့ အမုန်းစကားနဲ့ ဝါဒဖြန့်သတင်းမှားတွေကို လျှော့ချနိုင်ဖို့ လူမှုကွန်ရက် ပလက်ဖောင်းတွေရဲ့ တာဝန်ယူမှုကို ပိုမိုတင်းကျပ်ဖို့၊ Media Literacy နဲ့ Fact-checking လုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ထောက်ပြနေကြပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013