
သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ရာထူးတာဝ န်ဆက်လက်ရယူနိုင်ရေးနဲ့ အာဆီယံက မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို အသိအမှတ်မပြုရေး ကမ်ပိန်းတွေဆောင်ရွက်ဖို့ မြန်မာ့အရေး ဆောင်ရွက်သူတွေက Global Meeting ခေါ်ယူခဲ့ပါတယ်။
အခုနှစ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းသံကိုယ်စားလှယ် အမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ရာထူးတာဝန်ဆက်ထိန်းထားနိုင်ရေးဟာ ဒေသတွင်း အိမ်နီးချင်းအာဆီယံနိုင်ငံတွေရဲ့ ရပ်တည်ချက်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အခြေအနေရှိနေတာပါ။
စစ်အာဏာရှင်က အရပ်သားအစိုးရအဖြစ် ဟန်ပြပြောင်းလဲခဲ့ပြီးနောက် အိမ်နီးချင်း အိန္ဒိယ၊ တရုတ်နဲ့ လာအိုနိုင်ငံတို့က ထိတွေ့ဆက်ဆံမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
အလားတူပဲ အာဆီယံနိုင်ငံတွေရဲ့ စစ်အာဏာရှင်နဲ့ ထိတွေ့ဆက်ဆံမှုတွေဟာ တော်လှန်ရေး အင်အားစုတွေအပေါ် ဖိအားဖြစ်လာခဲ့ပြီး ကုလသမဂ္ဂက သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ ရာထူးတာဝန် ဆက်ထိန်းထားနိုင်ရေးအပေါ်မှာပါ ရိုက်ခတ်မှုတွေ ရှိလာခဲ့ပါတယ်။
ဒီအခြေအနေတွေမှာ နိုင်ငံတကာအစိုးရတွေနဲ့ ပြည်သူတွေက စစ်အာဏာရှင်ရဲ့ သရုပ်သကန်အမှန်ကို မြင်စေဖို့ နိုင်ငံတကာရောက်မြန်မာတွေက ရောက်ရှိရာနိုင်ငံတွေကနေတဆင့် ကမ္ဘာလုံးဆိုင်ရာကမ်ပိန်းတွေ ပြုလုပ်သွားဖို့ ဇူလိုင် ၁၈ ရက်မှာ အွန်လိုင်းကနေတဆင့် Global Meeting ခေါ်ယူပြီး ဗျူဟာတကျ ပြင်ဆင်နေပါတယ်။
မြန်မာ့ဒီမိုကရေစီအရေး မဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “သံတမန်ရေး တိုက်ပွဲတွေအတွက် အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်ပြီးတော့မှ ပြည်သူကို ကိုယ်စားပြုနိုင်ဖို့ ပြည်သူ့အတွက် အလုပ်တွေ ဆက်လက်လုပ်နိုင်ဖို့အတွက်ကို အားလုံး တောင်းဆိုသွားကြမယ့် UNGA ကမ်ပိန်း အဲဒီအတွက်ရော နောက်တခါ အာဆီယံနဲ့ ပတ်သက်ပြီးတော့လည်း ကမ်ပိန်းကို လုပ်သွားဖို့ပေါ့နော်၊ ဒီစစ်အုပ်စုရဲ့ သရုပ်သကန် အမှန်ပေါ့နော် အခုအခြေအနေအထိ တိုင်းသူပြည်သားတွေအပေါ်မှာ သတ်ဖြတ်နေတုန်းပဲ ဖြစ်တယ်၊ မတရားမှုတွေကို ကျူးလွန်နေဆဲပဲ ဖြစ်တယ်၊ ဒီလိုလူကို ဒေသတွင်း အာဆီယံနိုင်ငံတွေအနေနဲ့ အသိအမှတ်ပြုပြီးတော့မှ လက်မခံဖို့ပေါ့နော်၊ ဒါမျိုးတွေကို ကျမတို့ဆက်ပြီးတော့ တိုက်ပွဲဝင်ဖို့ အစည်းအဝေးတရပ်ကို ကျင်းပခဲ့တယ်ပေါ့နော်”လို့ ပြောပါတယ်။
NYCBC မှ ဦးနေတင်မြင့်က “ဒီနှစ်ကတော့ အရင်နှစ်ကနဲ့မတူတော့ဘူး၊ အရင်နှစ်က ကျနော်တို့က UNGA ကိုပဲ ပစ်မှတ်ထားပြီးလုပ်တာပေါ့၊ အာဆီယံရဲ့အရွေ့က သိပ်လှုပ်လှုပ်ခတ်ခတ်မရှိဘူး၊ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ပဲ ပြီးနေတာပဲ၊ ဒီနှစ်ကတော့ အာဆီယံအရွေ့က နေ့ချင်းညချင်း ပြောင်းလဲနေတာတွေ အများကြီးရှိတယ်၊ အဲဒီအတွက်ကြောင့် ဒီနှစ်မှာ ကျနော်တို့ UNGA အတွက်လည်း လုပ်ရင်းနဲ့ အာဆီယံအတွက်လည်း တခါတည်း လုပ်ရတယ်၊ လာမဲ့ အာဆီယံက ဖိလစ်ပိုင်မှာ ကျင်းပမဲ့ ၁၈-၂၄ မှာ အချိန်မီ ကျနော်တို့ ဘယ်လိုထုတ်ပြန်ချက်တွေ ပေးပို့မလဲ၊ နောက်တခုက အာဆီယံ ၁၁ နိုင်ငံစလုံးကို ပေးပို့သလိုပဲ ဘယ်နိုင်ငံတွေကို ပိုပြီးတော့ ချဉ်းကပ်သင့်သလဲ၊ ရွေးတုအစိုးရဘက်ကတော့ အရမ်းကို ထိုးဖောက်လာတာ တွေ့ရတယ်၊ ဒီနှစ်မှာက တရုတ်ကလည်း ဘာမှမပြောသလို အမေရိကန်အစိုးရတွေနဲ့ပတ်သက်ပြီးတော့လည်း ဘာမှတုံ့ပြန်မှုတွေ ဖြစ်မလာဘူး၊ နှောင့်နှေးနေတာ ရှိတယ်၊ နောက်ပြီးတော့ နှုတ်ဆိတ်နေတာရှိတယ်၊ ဒါကြောင့်မို့ ကျနော်တို့က ပိုပြီးတော့ ထိထိရောက်ရောက်လုပ်ဖို့ လိုအပ်တယ်ပေါ့”လို့ ပြောပါတယ်။
စက်တင်ဘာလမှာ ကျင်းပမဲ့ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ နှစ်စဉ် ဆောင်ရွက်နေကျ လုပ်ငန်းစဉ်အတိုင်း သံတမန်အရည်အချင်း စိစစ်ရေးကော်မတီ (Credentials Committee) က နိုင်ငံအသီးသီးကို ကိုယ်စားပြုတဲ့သံတမန်တွေဟာ ကုလရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ပြန်သုံးသပ်တော့မှာ ဖြစ်ပါတယ်။
အဲဒီအတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း ရာထူးတာဝန် ဆက်ထိန်းထားနိုင်ရေး လူထုထောက်ခံပွဲတွေကို နိုင်ငံတကာရောက်မြန်မာတွေက စက်တင်ဘာတလလုံးမှာ သက်ဆိုင်ရာနိုင်ငံတွေကနေတဆင့် အသီးသီးပြုလုပ်သွားဖို့ ပြင်ဆင်နေတာပါ။
စက်တင်ဘာ ၁၉ ရက်မှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ် နေရာအနီးမှာ အဓိကကမ်ပိန်းပြုလုပ်မှာဖြစ်ပြီး ဥရောပ၊ အာရှ၊ ဩစတြေးလျနဲ့ နိုင်ငံတကာရောက် မြန်မာတွေက ကမ်ပိန်းတွေ ဆက်တိုက်ဖော်ဆောင်ကြဖို့ ရှိနေပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး ဦးမိုးဇော်ဦးက “UN ရဲ့ အထူးသံတမန် ဂျူလီဘစ်ရှော့တို့ ဘာတို့ မင်းအောင်လှိုင်နဲ့ သွားတွေ့ပြီးတော့ လုံခြုံရေးကောင်စီမှာ ပြန်ပြီးတော့ရှင်းလင်းတဲ့အခါမှာ ပွင့်ပွင့်လင်းလင်း သူ ပြောတဲ့ဟာကို စစ်တပ်က တော်တော်ကြီးကို မကျေနပ်ဖြစ်တယ်၊ အဲဒီတော့ ကျနော်တို့ တချက်ပြောရမဲ့ဟာက အာဆီယံအထူးသံနဲ့ UN အထူးသံတမန်တို့ ပေါင်းစပ်ညှိနှိုင်းပြီး တော့ အတူတကွလုပ်မှ ဖြစ်မယ်၊ UN ရဲ့ အထူးသံတမန်ကလည်း ပြီးခဲ့တဲ့ လုံခြုံရေးကောင်စီ ရှင်းလင်းချက်မှာ သူ့ရဲ့ရှင်းလင်းချက်ကိုကြည့်ရင် တော်တော်လေးကို ကောင်းတယ်ပေါ့နော်၊ တချို့ကိစ္စလေးတွေကတော့ ထားပါတော့၊ UN နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဟာကိုတော့ ကျနော်တို့ ပြောမှဖြစ်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒါကလည်း တဆက်စပ်တည်း ကျနော်တို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ဆက်လက်အသိအမှတ်ပြုခံရခြင်းနဲ့ ဆိုင်တယ်ပေါ့၊ အဲဒီတော့ ဒီလို ကိစ္စတွေနဲ့ပတ်သက်ရင် UN ရဲ့ အထူးသံတမန် နေရာက အများကြီး အရေးကြီးတယ်၊ အဲဒီတော့ UN နဲ့ ပေါင်းလုပ်ပါ၊ UN အထူးသံတမန်နဲ့ ပေါင်းလုပ်ပါ ဆိုတဲ့ဟာကို၊ UN ရဲ့ နေရာကို ဘေးအရန်နေရာ မထားနဲ့ဆိုတဲ့ဟာကို ကျနော်တို့ ပြောမှ ဖြစ်မယ်ပေါ့နော်”လို့ ပြောပါတယ်။
အဖွဲ့ဝင် ၉ နိုင်ငံ ပါဝင်တဲ့ ကုလသံတမန်အရည်အချင်းစိစစ်ရေးကော်မတီ (UN Credentials Committee) မှာ အမေရိကန်၊ တရုတ်နဲ့ ရုရှားနိုင်ငံတို့က အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်ပြီး ကျန် ၆ နိုင်ငံ နေရာတွေကတော့ အလှည့်ကျစနစ်နဲ့ ပါဝင်ကြရတာဖြစ်ပါတယ်။
သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလကတည်းက ပြည်သူ့ဘက်က ရပ်တည်ခဲ့ပြီး ကုလစင်မြင့်မှာ စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စဉ်ဆက်မပြတ် တင်ပြခဲ့သူ ဖြစ်ပါတယ်။
အနီးကပ်ဆုံးအနေနဲ့ ဇူလိုင် ၆ ရက်က ပြုလုပ်ခဲ့တဲ့ ကုလညီလာခံမှာ စစ်ခေါင်းဆောင်ကို ဖမ်းဆီးရေး အဆိုပြုချက်တွေကို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) က အလေးအနက်ထား ဆောင်ရွက်ဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းထားပါတယ်။











