DVB Logo
Home
မြန်မာသတင်း
လိပ်သိုလ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးသေ၊ အများအပြားဒဏ်ရာရ
DVB
·
May 14, 2022
လိပ်သိုလ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးသေ၊  အများအပြားဒဏ်ရာရ
Donate to DVB

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုလ်မြို့နယ်ခွဲ၊ အလယ်ချောင်းကျေးရွာအုပ်စု မိုင်းလွန်အလယ်ကျေးရွာနဲ့ အောက်ကျေးရွာမှာ မေ ၁၃ ရက် က  စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တို့ တစ်ရက်တည်းတိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်သား ၂ ဦးသေပြီး ဒဏ်ရာ အများအပြားရရှိခဲ့တယ်လို့ ကေအန်ယူတာဝန်ရှိသူထံက သိရပါတယ်။

မေ ၁၁ ရက်က မိုင်းလွန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို KNLA ၊PDFတို့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ပြီး‌နောက် တပ်အင်အားဖြည့်လာရောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့သလို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

မိုင်းလွန်အလယ်ကျေးရွာသွား တောလမ်းမှာ မနက် ၆ နာရီလောက်က ၁ ကြိမ်၊ မိုင်းလွန်အလယ်ကျေးရွာနဲ့ အောက်ကျေးရွာ အကြား မနက် ၁၀ နာရီလောက်က ၁ ကြိမ်၊ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လာသယ်ဆောင်တဲ့စစ်ကားကို မိုင်းလွန်ကားလမ်းမပေါ်မှာ ညနေ ၄ နာရီလောက်က ၁ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ကေအန်ယူတာဝန်ရှိသူက ပြောပါတယ်။

မေ ၁၂ ရက် ည ၉ နာရီခွဲလောက်ကလည်း စစ်ကောင်စီတပ်က အလယ်ချောင်းစခန်းကနေ မိုင်းလွန်အောက်ရွာဘက်ကို လက်နက်ကြီးအလုံး၊ အတွဲလိုက်ပစ်ခတ်ခဲ့တဲ့အတွက်  မိုင်းလွန်အလယ်ကျေးရွာနဲ့ အောက်ကျေးရွာတွေက ဒေသခံအရပ်သားပြည်သူတွေဟာ ညအချိန်ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မိုင်းလွန်အလယ်ကျေးရွာသားတစ်ဦးက" စစ်ကူလာတဲ့ စစ်သားတွေက ရွာနားမှာ စခန်းချပြီး ဘယ်မှမသွားဘဲ လက်နက်ကြီးနဲ့ ရွာထဲကိုပစ်တာ။ ရွာ စာသင်ကျောင်းအသစ်နားကို ကျတယ်။ မိုင်းလွန်အောက်ရွာက နော်အေးအိမ် ထိသွားတယ်။ ရွားသားတွေက ညဘက်ကြီးထွက်ပြေးတာ လမ်းမှာ ရွာသားတချို့ကို စစ်တပ်က ဖမ်းထားလိုက်တယ်ကြားတယ် ဘယ်နှစ်ယောက်ပါသွားလဲ မသိရသေးဘူး”လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျေးရွာတွေအနီး အင်အားတိုး စစ်ရေးလှုပ်ရှားနေတာကြောင့် ဒေသခံအရပ်သားပြည်သူတွေဟာ ကျေးရွာအတွင်း နေထိုင်မရဲတော့ဘဲ ဥယျာဉ်ခြံတွေနဲ့ တော၊ တောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီရဲ့ ဇလဲ၊ မိုင်းလွန် ၊အလယ်ချောင်းတပ်စခန်းတွေကို  စနိုက်ပါနဲ့ ပစ်ခတ်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီတပ်တွေက ညဘက် လမ်းလုံခြုံရေးရယူတာ၊ လမ်းဘေး ဝဲယာတလျှောက်က ဥယျာဉ်ခြံလုပ်ကိုင်နေသူတွေကို လာရောက်စစ်ဆေးရာမှာ သေနတ်နဲ့ ရိုက်နှက်တာ၊ လက်နှောက်ပြန်ကြိုးတုပ် စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့  ခြံလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကား၊ ဆိုင်ကယ်နဲ့ လူတွေကို တားဆီးစစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် ဒေသခံအရပ်သားပြည်သူတွေဟာ မတရား ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြပါတယ်။

ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်(တောင်ငူ၊လွိုင်ကော်လမ်း) ကို ဆက်သွယ်သွားလာနေတဲ့ ကားလမ်းပိုင်းမှာ စစ်ကောင်စီရဲ့တပ်တွေက စစ်ရေးလုပ်ရှားမှုတွေ ပိုမိုလှုပ်ဆောင်လာတဲ့အတွက် KNLA၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲတွေနဲ့ မကြာခဏတိုက်ပွဲ‌တွေ ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013