DVB Logo
Home
Lead Story
ထီးဖြူဆောင်းရမယ်တဲ့လား
DVB
·
May 13, 2022
ထီးဖြူဆောင်းရမယ်တဲ့လား
Donate to DVB

အာဏာရူး မအလနဲ့ အကြမ်းဖက်အဖွဲ့အစည်းက ၂၀၂၃ ခုမှာ ရွေးကောက်ပွဲပြုလုပ်ပြီး အရှင်ထွက်ထွက်ဖို့ ကြိုးပမ်းပြင်ဆင် အားထုတ်နေတာကို တွေ့ကြရတယ်။ ဒါပေမဲ့ ဒင်းတို့ မျှော်မှန်းထားသလို အရှင်ထွက် မထွက်နိုင်ဘဲ အသေထွက်သာ ထွက်နိုင်မယ်လို့ တွက်ချက်မိတယ်။

၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူ့တရပ်လုံးကရော၊ နိုင်ငံတကာကပါ သန့်ရှင်းလွတ်လပ်မျှတသော ရွေးကောက်ပွဲလို့ အခိုင်အမာ သတ်မှတ်ထားပြီး ဖြစ်တယ်။ ဒါကို ဒင်းတို့ အကြမ်းဖက်အုပ်စုလောက်ကသာ မဟုတ်တမ်းတရားတွေနဲ့ စွပ်စွဲပြီး အာဏာသိမ်းခဲ့ကြတာ မဟုတ်လား။ ဒါကြောင့်လည်း နိုင်ငံတဝန်း အတိုင်းအတာနဲ့ ဆန္ဒပြထုတ်ဖော် ကန့်ကွက်ခဲ့ကြတယ်။ ပြည်သူတွေရဲ့ ဆန္ဒသဘောတရားကို အကြမ်းဖက်သမားတွေပီပီ လုံးဝ ထည့်သွင်းမစဉ်စားဘဲ ရက်စက်ယုတ်မာစွာ ပစ်သတ်နှိမ်နင်းခဲ့တယ်။ ခုဆို လက်နက်ကိုင်တော်လှန်ရေး အနေအထားအထိ ရောက်ရှိလာပြီ မဟုတ်လား။

အဲဒီ လက်နက်ကိုင်တော်လှန်ရေးဖြစ်စဉ် ပေါ်ထွန်းလာအောင် ဖန်းတီးကြတဲ့ အဓိက တရားခံဟာ အာဏာရူး မအလရဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်။ ဒင်းတို့မှာသာ ဆိုးမွေအေားလုံးအတွက် တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်အဝယူကြရမှာ ဖြစ်ပါတယ်။

ဒီမှာ ကျုပ်တို့နိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတယ်။ ၂၀၁၀ ခု ရွေးကောက်ပွဲတုန်းက မြို့နယ် ၃၂၅၊ ၂၀၁၅ ရွေးကောက်ပွဲမှာ မြို့နယ်ပေါင်း ၂၃၂၊ ၂၀၂၀ ခု ရွေးကောက်ပွဲမှာ မြို့နယ် ၃၁၅ တို့မှာသာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တယ်။ အခု ၂၀၂၃ ခု ရွေးကောက်ပွဲမှာတော့ တနိုင်ငံလုံး နေရာမလပ် ကျင်းပမယ်တဲ့။ ခြံစောင့် ဇော်မင်းထွန်း (အများသိမှတ်ထားတဲ့ ဇော်မဲလုံး) က ပြောဆိုသွားတာလေ။ ဒင်းရဲ့စကားကို လက်ရှိအနေအထားအရ ဦးနှောက်ရှိကြတဲ့သူတိုင်းက လက်မခံပါဘူး။

ဒါပေမဲ့ ဒင်းတို့ကတော့ ဒင်းတို့ဖြစ်ချင်တဲ့ အနေအထားကို အင်အားနဲ့ ခြိမ်းခြောက်ဖိနှိပ် ဆောင်ရွက်ကြမယ့် သဘောပါပဲ။ ပြည်သူ့ဆန္ဒထင်ဟပ်မှု မပါဝင်ဘဲ လုပ်ဆောင်တဲ့ အရာအားလုံးရဲ့ အကျိုးဆက်ဟာ ပိုမိုဆိုးဝါးတဲ့ အခြေအနေတွေသာ ဖြစ်စေလိမ့်မယ်လို့ ဒင်းတို့ကို သတိပေးလိုက်ပါရစေ။

ဇော်မင်းထွန်းက တနေ့ကပဲ PR စနစ် ဒီမိုကရေစီရွေးကောက်ပွဲကို လက်မခံဘဲ ဒင်းတို့ကိုသာ ဆက်ဆက်တိုက်ခိုက် တော်လှန်နေမယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံလို ဖြစ်သွားစေမယ်လို့ ပြောခဲ့သေးတယ် မဟုတ်လား။ ငါတို့ပြည်သူတွေ ပိုင်ဆိုင်တဲ့ နိုင်ငံကိုများ ဒင်းအမေလင်၊ ဒင်းပထွေးဆီက အမွေရလိုက်တဲ့ ပစ္စည်းလိုများ ထင်မှတ်နေသလား မပြောတတ်ပါဘူး။ ပြီးတော့ မြောက်ကိုရီးယားက ပြည်သူတွေရဲ့ လွတ်လပ်မှုတွေကို ထိန်းချုပ်ထားပြီး နျူကလီးယားပိုင်ဆိုင်ရင် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်မယ်လို့ ဆိုတဲ့ တစွန့်တစ နိုင်ငံချစ်စိတ်တွေ ရသေးတယ်။

ဒင်းတို့ကလား… ပြည်သူတွေကို ပစ်သတ်၊ ပြည်သူ့စည်းစိမ်တွေကို ဖျက်ဆီးမီးရှို့ပြီး ဒင်းတို့ အာဏာတည်မြဲရေးကိုသာ ကိုးစားနေကြတဲ့ ကောင်တွေ၊ နိုင်ငံဘဏ္ဍာတွေကို ရနိုင်သမျှ ခိုင်းနေကြတဲ့ သူခိုးတွေ၊ ခွေးတိရစ္ဆာန်ကမှ ကျွေးမွေးတဲ့သခင်ကို သစ္စာရှိသေးတယ်။ ဒင်းတို့က ကျွေးမွေးတဲ့ ပြည်သူကို ရန်သူလို့ သတ်မှတ်ထားတဲ့ကောင်တွေ။

ပြီးတော့ ၂၅ ရာခိုင်နှုန်း အသာစီးရထားတာတောင် ၅၀ ရာခိုင်နှုန်းရရှိအောင် မစွမ်းဆောင်နိုင်သူတွေဆိုတော့ PR စနစ် ဆောင်ရွက်ချင်မှာပေါ့။ အခု လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတာလည်း ဒင်းတို့ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့ အနေအထားပါပဲ။ ဒါမှလည်း အာဏာရူး အကြမ်းဖက်ခေါင်းဆောင် မအလရဲ့ သမ္မတဖြစ်မြောက်ရေး မျှော်လင့်မှုအိပ်မက် မက်နိုင်မှာပေါ့။

ဟအကောင် မအလ ရေ… မင်းရဲ့ အခါပေးဆရာတွေလည်း မေးကြည့်ဦး၊ ထီးဖြူဆောင်းရမယ်ဆိုတာ ဘယ်အချိန်လဲ ဆိုတာကို။ တော်ကြာ ဗေဒင်ဆရာတယောက်က လူတယောက်ကို ထီးဖြူဆောင်းရကိန်း မြင်တယ်လို့ ပြောသလို ဖြစ်နေပါဦးမယ်။ ဒီလိုကွ ရှေးအခါကတော့ ထီးဖြူဆောင်းရကိန်း မြင်တယ်ဆိုတာ ရှင်ဘုရင်ဖြစ်လိမ့်မယ်ဆိုတဲ့ သဘောပဲ။ ဒါနဲ့ အဲဒီလူဟာ ဘုရင်ဖြစ်မှာပဲဆိုပြီး အလုပ်မလုပ်တော့ဘဲ ရှိတာလေး ထိုင်စားနေတာပေါ့။ နောက်ဆုံး ငတ်ပြီး သေငယ်ဇော မြောပါလေရော၊ အရပ်ကလည်း ဘုရင်ရူး၊ ရူးနေတဲ့ကောင်ဆိုတော့ ပစ်ထားကြတာပေါ့ကွာ။

အဲဒီမှာ ဘုရင်ကြွလာပြီး နေပူထဲ ငတ်ပြတ် သေငယ်ဇော မြောနေတဲ့ ဘုရင်ရူး မြင်တာနဲ့ သနားပြီး ထီးဖြူဆောင်းခိုင်းစေသတဲ့။ ထီဖြူလည်း ဆောင်းလိုက်ရော အဲဒီ ဘုရင်ရူးလည်း အသက်ထွက်သွားရှာတော့တာတဲ့ မောင်…။

ခုလည်း မအလ ရေ…. မင်းလည်း ဒီအဖြစ်မျိုးနဲ့ ကြုံကြိုက်နိုင်တယ်လို့ ကျုပ်တော့ ထင်မြင်နေမိပါကြောင်း။

ဒေါင်းနီ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013