DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့မရဲစခန်းကို PDF ပူးပေါင်းအဖွဲ့ ထိုးစစ်ဆင် တိုက်ခိုက်
DVB
·
May 13, 2022
ပုလဲမြို့မရဲစခန်းကို PDF ပူးပေါင်းအဖွဲ့ ထိုးစစ်ဆင် တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့က ပုလဲမြို့မရဲစခန်းကို မေ ၁၂ ရက်ညက PDF မဟာမိတ်အဖွဲ့ ၃ ဖွဲ့က လက်နက်ကြီးနဲ့ အချက် ၈၀ ကျော် ပစ်ခတ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

PDF တွေက မြို့မရဲစခန်းကို လက်နက်ကြီးနဲ့ အချက် ၈၀ ကျော် ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်နဲ့ အပြန်အလှန် ပစ်ခတ်တာကြောင့် စစ်သားနဲ့ ရဲ ၅ ယောက်သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ PDF တွေရဲ့ ပစ်ခတ်မှုကြောင့် မြို့မရဲစခန်းအနီးက ကြံ့ခိုင်ရေးရုံးလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

ပုလဲမြို့ပေါ်မှာ လုံခြုံရေး တင်းကျပ်ထားတဲ့ကြားက ရအောင်တိုက်နိုင်ခဲ့တဲ့အတွက် စစ်ဆင်ရေးဟာ ရာနှုန်းပြည့် အောင်မြင်ခဲ့တယ်လို့ ဒေသတွင်း PDF တွေက ပြောပါတယ်။

ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ (ပုလဲ) တာဝန်ရှိသူတဦးက "အဲ့ဒီသတင်းက ဟုတ်ပါတယ်။ မနေ့ညကစပြီးတော့ မစ်ရှင်စဆွဲခဲ့တာပါ။ တနာရီခွဲမစ်ရှင် ဆွဲလိုက်တယ်။ ကျနော်တို့တပ်ဖွဲ့တွေက လက်နက်ကြီးအဖွဲ့ လေးဖွဲ့နဲ့ ဝိုင်းပြီးတော့ မြို့မရဲစခန်းထဲကို ထုတယ်ဗျ။ အလုံး ၈၀ လောက် ထုခဲ့တယ်။ မြို့မရဲစခန်းမှာရှိတဲ့သူတွေ ဖရိုဖရဲဖြစ်ပြီးတော့ ထွက်ပြေးကြတယ်။ လက်နက်ကြီးအဖွဲ့က ပစ်တဲ့သူက ပစ်တယ်။ မြို့ပေါ်ကိုတက်ပြီးတော့ အနီးကပ် တိုက်ခိုက်တာလည်း ရှိတယ်။ ထိခိုက်ကျဆုံးမှုကတော့ (--) ၅ ယောက်လောက် ကျဆုံးပြီးတော့ ၁၀ ယောက်လောက် ဒဏ်ရာရတယ်လို့ အတွင်းသတင်းအရ သိရတယ်။ ဒဏ်ရာရတဲ့သူတွေကို မုံရွာဆေးရုံကို ပို့တယ်လို့ သိရတယ်။" လို့ ပြောပါတယ်။

ပုလဲမြို့မရဲစခန်းကို တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ မေ ၁၂ ရက်က ပုလဲမြို့နယ်နဲ့ ကပ်ရက် ယင်းမာပင်မြို့နယ်ထဲကို ဖြတ်သန်းခဲ့တဲ့ စစ်ကောင်စီလမ်းကြောင်းက ကားပေါ်ကနေ လမ်းဘေးဝဲယာက ပြည်သူတွေကို အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် လက်တုံ့ပြန်တာလို့ ဒေသတွင်း PDF တွေက ပြောပါတယ်။

ဒေသတွင်း PDF တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရဆီက လက်နက်တွေရဖို့ မျှော်လင့်နေပြီး ပိုကောင်းတဲ့ လက်နက်တွေသာ ရလာရင် ပြည်သူတွေကို ပိုပြီး ကာကွယ်နိုင်မယ်လို့ ဆိုပါတယ်။

ယင်းမာပင် PDF တာဝန်ရှိသူတဦးက “NUG က စိစစ်တယ်၊ စိစစ်တယ်နဲ့ ဘာကိုစိစစ်နေမှန်းကို မသိပါဘူးဗျာ။ NUG ဆီက ဘာလက်နက်မှလည်း မရပါဘူး။ ဒီမေလအတွင်းဆိုရင် ဒီနေ့ တိုက်ပွဲဖြစ်ထားတယ်။ စစ်ကြောင်းထိုးလာတယ်။ မနေ့က နဘူးတောမှာဆိုရင်လည်း အပြစ်မဲ့ ကင်းစောင့်နေတဲ့ ပြည်သူတယောက်ကို သတ်သွားတယ်။ ရွာတွေကိုလည်း လူမဆန်စွာ မီးရှို့တယ်။ ကလေးတွေ့ရင် ကလေးသတ်တယ်။ ဒီလိုမျိုးတွေ လုပ်နေတယ်။ ဒီနေ့ ယင်းမာပင်မြို့နယ် ရွှေညောင်ပင်ဘက်နေ မနက်ခင်းက ဝင်လာပြီး အုန်းတောမှာ သေနတ်ပစ်ဖောက်ပြီးတော့မှ လူမဆန်စွာ တွေ့တဲ့ဟာ အကုန်ပစ်ခတ်ပြီးတော့ ဇီးကုန်း ဘုန်းကြီးကျောင်းထဲမှာ တည်းတယ်။ အဲ့ဒီမှာ အစ်ကိုတို့နဲ့ Battle ဆိုင်ပြီးတော့ ပစ်ခတ်ခဲ့တယ်။ အစ်ကိုတို့မှာ လက်နက်မကောင်းဘူး။ မခံချင်စိတ်နဲ့ တော်လှန်နေရတာ။ အစ်ကိုတို့ဆီမှာ ဘာလက်နက်ကောင်းတဲ့ပစ္စည်းမှ မရှိဘူး။ ဘာအကျိုးအမြတ်ရှိလဲဆိုတော့ အစ်ကိုတို့ မိုင်းခွဲလိုက်တယ်၊ တူမီးသံ ကြားလိုက်ချိန်မှာ ပြည်သူလူထုက ရှောင်ချိန်တိမ်းချိန် ရတယ်။ ယင်းမာပင်ဘက်မှာဆို တိုက်ပွဲ တော်တော်လေးကို များနေတယ်" လို့ ပြောပါတယ်။

ပုလဲမြို့မရဲစခန်းကို တိုက်ခိုက်ရာမှာ PDF ပူးပေါင်း ၃ ဖွဲ့က အင်အား ၂၅၀ ကျော် အသုံးပြုခဲ့ပြီး နောက်ထပ် စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့ရှိနေတယ်လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ပုလဲမြို့နယ်ဟာ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်ဒေသတွင်း သွားလာရေးအတွက် အရေးပါတဲ့နေရာမှာ တည်ရှိနေတာကြောင့် စစ်ကောင်စီက လက်လွတ်မခံဘဲ အတင်းအကျပ် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ နယ်မြေဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013