DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ် မြို့ပေါ်ရွာကို စစ်ကောင်စီတပ် မီးရှို့
DVB
·
May 13, 2022
ဘုတလင်မြို့နယ် မြို့ပေါ်ရွာကို စစ်ကောင်စီတပ် မီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မြို့ပေါ်ရွာကို စစ်ကောင်စီတပ်တွေက ဒီနေ့ မေ ၁၃ ရက် မနက် ၆ နာရီခွဲမှာ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အခုရှို့နေတယ်ဗျ။ သူတို့က မေလ ၁၁ ရက်နေ့က ရွာကိုဝင်လာတယ်။ ဒီနေ့ကြတော့ ရွာကို မီးရှို့နေတယ်ဗျ။ သူတို့လာတဲ့ နေ့ကတည်းက ရွာသားအတော်အျားများက နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်။ တချို့ရွာသားတွေလည်း ပိတ်မိနေတာတွေလည်း ရှိနေရတယ်ဗျ။ ကျနော်တို့ ပိတ်မိနေတဲ့ ရွာသားတွေအတွက် အရမ်းစိုးရိမ်ရတယ်။ ဒီကောင်တွေက မထင်ရင် မီးရှို့တဲ့အထဲ ထည့်ပြီး ရွာသား‌သူရွာသားတွေကို မီးနဲ့ရှို့သတ်တာတွေလည်း ရှိနေတော့ အရမ်းစိုးရိမ်ရတယ်။ အခု ကျနော်တို့ရွာကို ကွက်ကြား မီးရှို့နေတယ်ဗျ။ ရွာမြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်းတွေကနေ ရှို့နေတယ်။ တရွာလုံးလောင်မယ့်သဘော ရှိပါတယ်ဗျာ။ ဒါတွေ ဘယ်သူမှ မကယ်နိုင်ကြတော့ဘူးလားဗျာ။ ကိုယ်ရွာကို မီးရှို့နေတာ သိလျက်နဲ့ ရွာအပြင်ကနေပဲ ထိုင်ကြည့်နေရတယ်ဗျာ။ ဒီ စစ်ကောင်စီတွေကို တသက်မကျေဘူးဗျာ။ ကျနော်တို့ အပြစ်မဲ့ရွာသားတွေရဲ့ နေအိမ်ကို မီးရှို့တာဟာ အတော်လေး အခြေအနေ စိုးပါတယ်" လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေကတော့ သူတို့ အာဏာတည်မြဲရေးအတွက် စစ်ကိုင်းတိုင်းအတွင်းက နေအိမ်တွေကို မီးရှို့ပြီး ပြည်သူတွေကို အကြောက်တရားဖြစ်အောင် ပြုလုပ်နေတာတွေ‌ နေ့စဉ်လိုလို လုပ်ဆောင်နေပါတယ်။

ဒါပေမဲ့ အခုလို လုပ်ဆောင်နေတာဟာ ပြည်သူတွေက အကြောက်တရားမဝင်ဘဲ မခံချင်စိတ်နဲ့ တော်လှန်ရေးအဖွဲ့တွေထဲ ဝင်ရောက်လာနေတယ်လို့လည်း စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအဖွဲ့ခေါင်းဆောင်တွေဆီက‌နေ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲအခြေအနေ အသေးစိတ်ကို သတင်းထုတ်ပြန်တာ မပြုလုပ်ဘဲ ဒေသခံတွေရဲ့ သတင်းအချက်အလက်တွေနဲ့ ဒေသတွင်း ပြည်သူအချင်းချင်း ဆက်သွယ်လို့ မရနိုင်အောင် အင်တာနက်နဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားတာ တနှစ်ကျော်လာပြီလည်း ဖြစ်ပါတယ်။

အခုလို ဆက်သွယ်ရေးတွေ ဖြတ်တောက်ထားပြီး အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာတွေ၊ ဒေသခံ‌တွေရဲ့ နေအိမ်တွေကို မီးရှို့တာတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လာတယ်လို့ စစ်ကိုင်းတိုင်း စစ်ရေးလေ့လာစောင့်ကြည့်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရွာတွေကို မီးရှို့တာဟာ ဒေသခံ PDF တွေက ပြုလုပ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မြဝတီ၊ မြန်မာ့အသံတွေကနေ သတင်းအမှားတွေကို ပြောနေတယ်လို့ စစ်ကိုင်းတိုင်း ဒေသခံတွေက ပြောဆိုနေပါတယ်။

အခု ဘုတလင်မြို့နယ်မှာ မေလတလတည်း စစ်ကောင်စီရဲ့ မီးရှို့ခံရတဲ့ ကျေးရွာဟာ အခု မြို့ပေါ်ရွာ အပါအဝင် လေးရွာရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဘုတလင်မြို့နယ်၊ မြို့ပေါ်ရွာကို စစ်တပ်က မီးရှို့သွားတဲ့ နောက်ဆုံးရအခြေအနေကတော့ နေအိမ် ၁၃ လုံး မီးလောင်သွားပြီး ကြက်သွန်ဂိုထောင်တွေနဲ့ လယ်ယာသုံးပစ္စည်းတွေ ပျက်စီးသွားပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဟာ ဘုတလင်မြို့နယ်၊ ကံသစ်ရွာဘက် ထွက်ခွာသွားတာကြောင့် ရွာသားတွေ လတ်တလော မီးငြှိမ်းသတ်တာတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013