DVB Logo
Home
မြန်မာသတင်း
ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွား
DVB
·
May 12, 2022
ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွား
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ မေ ၁၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ အပြင်းအထန်တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးကာ ၂ ယောက် အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ ရေစကြို PDF တပ်ရင်း ၂ က ပြောပါတယ်။

ရေလယ်ကျွန်းဒေသ သောင်အရှေ့ကျေးရွာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို မေ ၁၂ ရက်နေ့မနက် ၉ နာရီလောက်က ရေစကြို PDF နဲ့ KNT ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတာလို့ ရေစကြို PDF တပ်ရင်း ၂ တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇက ဒီဗွီဘီကို ပြောပါတယ်။

“သောင်အရှေ့ကျေးရွာကို ဝင်ရောက်ပြီး သောင်းကျန်းနေတဲ့ စစ်ကောင်စီတပ်တွေကို မတိုက်လို့ မရတော့တဲ့ ခုခံစစ်ဖြစ်တာကြောင့် KNT ပြောက်ကျားတပ်နဲ့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဗျ။ အချိန်အနည်းငယ်လောက် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ကျနော်တို့ရှေ့မှာတင် စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးပြီး ၂ ယောက် သေနတ်ထိမှန်သွားတယ်။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ စစ်ကောင်စီဘက်က ၂ ဖွဲ့ ကွဲနေပြီး သောင်အရှေ့ရွာနဲ့ အရှေ့အနောက်ကပ်လျက် လှေခုတ်ရွာဘက်မှာလည်း တခြားကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တယ်လို့ ကြားတယ်။ သူတို့နဲ့ စာရင် လူအင်အား လက်နက်အင်အားနည်းတဲ့အတွက် ကျနော်တို့ ဘက်က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်။”

ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲ ဖြစ်နေတာတော့ ၂ ရက် ၃ ရက်လောက်ရှိပြီဖြစ်ကြောင်း၊  စစ်ကောင်စီတပ်တွေက ကျေးရွာ ၅ ရွာလောက်က ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ကြသလို အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကိုလည်း ခိုးယူခဲ့ကြောင်း၊ လက်ရှိမှာ ဒေသခံ ပြည်သူ ၃၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူညီလိုအပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။  

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

အနောက်မြောက်စစ်ဒေသ ဖြစ်တဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ လက်ရှိကာလအထိ ဘာသာရေးအဆောက်အဦတွေ၊ အရပ်သားပိုင်ပစ္စည်းတွေအပါအဝင် အနည်းဆုံး အိမ်ခြေ ၈,၈၉၀ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ UNOCHA Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013