DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်စာစောင်သည် NUG ၏ ပေါ်လစီစာတမ်းမဟုတ်ဟု ရှင်းလင်းချက်ထုတ်
DVB
·
May 12, 2022
ဖက်ဒရယ်စာစောင်သည် NUG ၏ ပေါ်လစီစာတမ်းမဟုတ်ဟု ရှင်းလင်းချက်ထုတ်
1 / 2
Donate to DVB

ဖက်ဒရယ်စာစောင်မှာ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနက ထုတ်ဝေတဲ့ စာစောင်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပေါ်လစီစာတမ်းတွေကို ဖော်ပြတာ မဟုတ်ဘူးလို့ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနက မေ ၁၁ ရက် ရက်စွဲနဲ့ ရှင်းလင်းချက် ထုတ်ပြန်ပါတယ်။

မေ ၁၀ ရက် ရက်စွဲနဲ့ ထုတ်ဝေခဲ့တဲ့ ဖက်ဒရယ်စာစောင် အမှတ် ၆ နဲ့ပတ်သက်ပြီး စာဖတ်သူတွေရဲ့ မှတ်ချက်ပေး တုံ့ပြန်မှု များပြားနေတဲ့အပေါ်မှာ စာစောင်က ဝန်ကြီးဌာနက ထုတ်ဝေတာ ဖြစ်ပေမဲ့လည်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပေါ်လစီစာတမ်း မဟုတ်ကြောင်း ပြန်လည်ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဖက်ဒရယ်စာစောင် အမှတ် ၆ မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာ နှစ်ခုအပေါ် ပြန်လည်ရှင်းလင်းခဲ့တာဖြစ်ပြီး ပထမတခုက ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ပြဋ္ဌာန်းခဲ့သည့်အတိုင်း “ပြည်နယ်နှင့် တိုင်း” ဟူ၍လည်းကောင်း၊ “တိုင်းဒေသကြီးနှင့် ပြည်နယ်” ဟူ၍လည်းကောင်း၊ ခွဲခြားခြင်းကို ဆက်လက်မကျင့်သုံးတော့ဘဲ အမည်နာမတူများဖြင့်သာ ခေါ်ဆိုသင့်ကြောင်း ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းက “အခုချိန်ကာလက ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စုကို ပြန်လည်ထူထောင်ဖို့အတွက် ဆိုလို့ရှိရင် ဒီသဘောတရားတွေကို လူထုက နားလည်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့က ရှင်းပြထားတာ ဖြစ်ပါတယ်။ အခု ဒီနေ့ ကျနော်တို့ စာစောင်ထုတ်မှာကျတော့ FOUND OF STATE လို့ခေါ်တဲ့ ပြည်ထောင်စုဖွဲ့စည်းမှု ပုံသဏ္ဌာန်နဲ့ ပတ်သက်ပြီးတော့ အကြောင်းအရာလေးကို တင်ပြထားတာပါ။ နောက်ပိုင်းမှာမှ အဲဒါမျိုး တကယ်စဉ်းစားလာလို့ရှိရင် ဘယ်လိုစဉ်းစားသင့်လဲဆိုတဲ့ ဥပမာပုံစံမျိုးနဲ့ ပြည်နယ် ၇ ခုနဲ့ တိုင်းဒေသကြီး ၇ ခုကို အဓိက ကျနော်တို့ ရည်ရွယ်ချက် ဒါက ၁၉၄၇ အခြေခံဥပဒေကဲ့သို့လည်းကောင်း၊ ၁၉၇၄ ကဲ့သို့လည်းကောင်း၊ ၂၀၀၈ ကဲ့သို့လည်းကောင်း ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တွေကို ကျနော်တို့ နာမည်တခုတည်းနဲ့ ခေါ်ဆိုသင့်တယ်၊ ပြည်နယ်နဲ့ တိုင်း ဆိုပြီးတော့ အရင်တုန်းက ခွဲခြားတယ်။ အဲဒီပေါ်မှာ ကျနော်တို့ ဗမာနဲ့ တိုင်းရင်းသားတွေကြားမှာ နားလည်မှုမရှိအောင် အမြဲတမ်း သပ်လျှိုထားသလိုဖြစ်တယ်။ ထို့အတွက်ကြောင့် ကျနော်တို့ နာမည်ပုံစံတူ တခုတည်းနဲ့ ခေါ်သင့်တယ်ဆိုတာ ကျနော်တို့ရဲ့ အဓိက AIM ဖြစ်တယ်။ ထို့အတွက်ကြောင့် ကျနော်တို့နိုင်ငံရဲ့ နာမည်က ပြည်ထောင်စုဖြစ်တယ် ဆိုလို့ရှိရင်တော့ ပြည်ထောင်တွေစုတဲ့ ပြည်ထောင်စုစနစ်ကို ရည်မှန်းပြီးတော့ ပြောတာဖြစ်တဲ့အတွက် အခုချိန်မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးလို့ ခေါ်ရမယ့်အစား ပြည်ထောင်လို့ ခေါ်လိုက်ရင် ဘယ်လိုဖြစ်သလဲ ဆိုတဲ့ဟာကို လူထုစဉ်းစားလို့ရအောင် ကျနော်တို့က idea ကို လုပ်ကြည့်တာဖြစ်တယ်။ စာစောင်ဆိုတဲ့အတိုင်း စာစောင်ဆိုတော့ ပေါ်လစီ paper မှမဟုတ်ဘဲဆိုတော့ အဲဒါကို လုပ်ကြည့်တာဖြစ်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်/ဖက်ဒရယ်ယူနစ် အရေအတွက်နဲ့ ပတ်သက်ပြီး ဥပမာပေး ထုတ်ပြန်ချက်သာဖြစ်ပြီး အဲဒီအတိုင်း လုပ်ဆောင်မှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။

“နံပါတ် ၂ ကတော့ ဥပမာအားဖြင့် ဒီအချိန်မှာ တော်လှန်ရေးလုပ်နေတဲ့ ကာလဖြစ်တယ်။ စစ်ကောင်စီကို တိုက်ထုတ်နေတဲ့ကာလ ဖြစ်တယ်။ အဲလိုအနေအထားမျိုးမှာ ကျနော်တို့ ပြည်နယ်ဘယ်နှခုနဲ့ ပြန်လုပ်ရမလဲ၊ ပြည်နယ် နယ်နိမိတ်တွေ ဘယ်လိုပြောင်းလဲရမလဲ၊ ပြည်နယ်သစ်တွေကို ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ဟာမျိုးက ဒီအချိန်မှာ ကျနော်တို့ ဆွေးနွေးလိုက်လို့ရှိရင် အရမ်း Sensitive ဖြစ်တယ်။ ထို့အတွက်ကြောင့် ဒီဟာတွေကို ကျနော်တို့အနေနဲ့ အသွင်ကူးပြောင်းရေး ကာလပြီးလို့ တိုင်းပြုပြည်ပြုညီလာခံ ခေါ်ယူပြီးလို့ အဲဒီအခါကျမှ လူထုတရပ်လုံး ပါဝင်နိုင်တဲ့နေ့ကျမှသာလျှင် ပြည်နယ်အရေအတွက်တို့ ဘာတို့ ဆွေးနွေးကြရအောင်၊ အခုချိန်မှာတော့ ရှိရင်းစွဲ ၁၄ အတိုင်း ယာယီပေါ့လေ၊ အသွင်ကူးပြောင်းရေးကာလမှာ ပြဿနာမရှိအောင် ပြဿနာအေးအောင် ဒီလိုလုပ်ရင် ကောင်းမလားဆိုတဲ့ စဉ်းစားချက်ပဲ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ဒီလိုအပ်ချက်ကို ကျနော်တို့ ဖော်ပြရင်းနဲ့ တချို့လူတွေရဲ့ စိတ်ထဲမှာ မရှင်းမလင်း ဖြစ်နေတာတွေ ပေါ်လာတာပေါ့နော်။ ဒါက သဘာဝကျပါတယ်။ ဒီလိုမေးခွန်းတွေ မေးလာတာအတွက်လည်း ကျနော်တို့အနေနဲ့ ကြိုဆိုပါတယ်။ ၁၄ ပြည်နယ်မူ မဟုတ်ပါဘူး။ ၁၄ ခုနဲ့ပဲ လုပ်ရမယ် ဆိုတာလည်း မဟုတ်ပါဘူး။ ဒါကို ကျနော်တို့အနေနဲ့ ပြန်လည်ရှင်းပြတာ ဖြစ်ပါတယ်။”

NUG အစိုးရရဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနကနေပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့အခါ ဖက်ဒရယ်စနစ်ဆိုတာ ဘာလဲ၊ ဘာအင်္ဂါရပ်တွေ ပါသင့်သလဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာလဲ စတဲ့ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လူထုတွေ နားလည်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖက်ဒရယ်စာစောင်ကို ထုတ်ဝေခဲ့တာဖြစ်ပြီး အခု အမှတ် ၆ အထိ ထုတ်ဝေလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013