DVB Logo
Home
မြန်မာသတင်း
တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းစေပြီး ငွေကြေးခေါင်းပုံဖြတ်ခဲ့သူကို  ထောင်ဒဏ် ၁၅ နှစ်ချ
DVB
·
March 31, 2026
တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းစေပြီး ငွေကြေးခေါင်းပုံဖြတ်ခဲ့သူကို  ထောင်ဒဏ် ၁၅ နှစ်ချ
Donate to DVB

တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းစေပြီး ငွေကြေးခေါင်းပုံဖြတ်ရယူခဲ့သူကို အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးသတင်းမှာ မတ် ၃၀ ရက်က ဖော်ပြပါတယ်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မကျီးပင်စောက်ကျေးရွာနေ အမျိုးသမီးတယောက်ဟာ ခင်ပွန်းဖြစ်သူနဲ့ စကားများရန်ဖြစ်ပြီး အလုပ်လုပ်ဖို့ ကျိုင်းတုံမြို့ကိုရောက်နေတုန်း ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ ယန်းခမ်းကားကြီးဝင်းနေ မအိမူမူအောင်(ခ)မသဲသဲက တရုတ်အငှားမယား လုပ်မယ်ဆိုရင် တင်တောင်းငွေ ယွမ် ၁၅,၀၀၀ ရမယ်လို့ စည်းရုံးတာကြောင့် လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာ မိုင်းပေါက်မြို့ကိုပို့ပေးပြီး ပွဲစား ဒေါ်အိရဲ့ အိမ်ကို ရောက်ပြီးနောက် ဒေါ်အိက တရုတ်ပွဲစားတွေဆီ အဲဒီအမျိုးသမီးရဲ့ ဓာတ်ပုံတွေပို့ပေးလို့ လာရောက်ကြည့်ရှုကြပြီး တရုတ်ပွဲစားတွေက ဒေါ်အိကို တရုတ်ငွေတွေပေးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ငွေ ဘယ်လောက်ပေးတယ်ဆိုတာတော့ မသိရဘဲ တရုတ်အမျိုးသားနဲ့ လက်ထပ်ပြီးရင် တင်တောင်းငွေ တရုတ်ယွမ် ၁၅,၀၀၀ ရမယ်လို့ ဒေါ်အိနဲ့ မအိမူမူအောင် တို့က ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် တရုတ်ပွဲစားတွေနဲ့အတူ တောလမ်းကသွားခဲ့ပြီး တရုတ်ပြည်က အမည်မသိ ရွာတရွာကို ရောက်ပြီးနောက် အဲဒီက တရုတ်နိုင်ငံသား ‘ဝ’ အမျိုးသား အဲကားဆိုသူနဲ့ လက်ထပ်ခဲ့ရပါတယ်။

တင်တောင်းငွေမရတာကြောင့် သားမယားအဖြစ် နေထိုင်ဖို့ပြောတာကို ငြင်းဆန်ခဲ့ပြီး ပွဲစားတွေဆီက ဝယ်ယူပြီးဖြစ်လို့ ကလေးမွေးပြီးမှ ပြန်ခိုင်းမယ်ပြောတာကြောင့် သားမယားအဖြစ် နေထိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

သားမယားအဖြစ်နေထိုင်ဖို့ ငြင်းဆန်တဲ့ရက်တွေမှာ အခန်းတွင်းတံခါးပိတ်ပြီး ခြေနဲ့ကန်တာ၊ ကြိုးနဲ့ရိုက်နှက်တာတွေလုပ်လို့ အဲကား တောင်ယာကိုသွားနေတုန်း အိမ်ကနေ ထွက်ပြေးပြီး လျန်စန်းရဲစခန်းကို ရောက်သွားတာကြောင့် တရားမဝင် ဝင်ရောက်မှုအတွက် ထောင်ဒဏ် ၂ လ နဲ့ ၂ ရက် ချမှတ်ခံရပြီးနောက် မြန်မာနိုင်ငံနယ်စပ်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အမှတ် ၁၈ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ကျိုင်းတုံ) က တရားလိုလုပ်ပြီး ကျိုင်းတုံမြို့မရဲစခန်းမှာ တိုင်တန်းအမှုဖွင့်လို့ ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်မှာ ကျိုင်းတုံခရိုင် တရားရုံးက မအိမူမူအောင် (ခ) မသဲသဲကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ပြီး တိမ်းရှောင်တရားခံ ဒေါ်အိကိုတော့ တရားခံပြေးအဖြစ် ကြေညာပြီး သူ့ပစ္စည်းတွေကို ဝရမ်းကပ်ထားပါတယ်။

မတ် ၂၄ ရက်ကလည်း မြန်မာအမျိုးသမီးတွေနဲ့ ပေါင်းသင်းနေထိုင်သူ တရုတ်နိုင်ငံသားတွေ၊ ငွေကြေးခေါင်းပုံဖြတ်ခဲ့သူတွေနဲ့ လိမ်လည်စည်းရုံးခေါ်ဆောင်သူ ၁၂ ယောက်ကို အလုပ်နဲ့ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013