DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမည်ဟု RCSS ထုတ်ပြန်
DVB
·
May 12, 2022
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမည်ဟု RCSS ထုတ်ပြန်
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖိတ်ခေါ်ချက်ကို လက်ခံပြီး ဆွေးနွေးပွဲတက်မယ့်အကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS က   မေလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ 

ပြီးခဲ့တဲ့ဧပြီလ ၂၂ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ ကိုယ်တိုင် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တာမှာ  အန်စီအေ တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးထားတဲ့ RCSS က အခုလို သဘောထားထုတ်ပြန်လိုက်တာပါ။  

နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပြီး တန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းဖြေရှင်းဖို့အတွက် ဆွေးနွေးပွဲတက်ဖို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ်လို့ RCSS ဆိုပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီတပ်တွေက နိုင်ငံတဝန်းမှာ ရွာတွေကိုဝင်ရောက် မီးရှို့၊ လူတွေကို ဖမ်းဆီးသတ်ဖြတ်၊ လေယာဉ်နဲ့ ဗုံးကြဲနေချိန်မှာ တဖက်မှာငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါင်းစဉ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေကို တွေ့ဆုံဖို့ ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။  

RCSS/SSA ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီးအုမ်ခေးကတော့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းနဲ့ ပြုပြင်ပြောင်းလဲ အဆုံးသတ်ရမယ်လို့ ယုံကြည်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။  

“ဘယ်လက်နက်ကိုင်အဖွဲ့အစည်းဘဲဖြစ်ဖြစ် အကြမ်းဖက်အဖွဲ့လို့ပဲဆိုဆို အခြေအနေပြန်လည်ကောင်းလာဖို့နောက်ဆုံးတော့ တွေ့ဆုံကြ၊ ဆွေးနွေးကြ၊ ညှိနှိုင်းကြအဲလို နည်းလမ်းနဲ့ပဲ သွားရလိမ့်မယ်လို့ ကျနော်တို့အဲဒီလို ခံယူပါတယ်။ အကြမ်းဖက်သမား၊ လူသတ်သမား အဲလိုတောက်လျှောက်ထည့်တွက်မယ်ဆိုရင် တဘက်နဲ့တဘက် အပြန်အလှန် တိုက်ခိုက်နေမယ်။ ဒီအတိုင်း ချမယ် တိုက်မယ်ဆိုရင် မပြီးနိုင်တော့ဘူး၊ တိုင်းပြည်က ပိုပြီး ပျက်စီးလိမ့်မယ်လို့ မြင်တယ်၊  ဘာမဆိုပုံသေရယ်လို့ တွက်လို့မရဘူး၊ သူ့အချိန်သူ့အခါနဲ့သူ ပြန်လည်ပြီးတော့ပြုပြင်မယ်၊ ပြောင်းလဲမယ်၊ ပြန်ဆွေးနွေးမယ် ဆိုရင်တော့ ကောင်းလာမယ်လို့ ယုံကြည်တယ်။”      

အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (MNSP) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ပအိုဝ်းအ မျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၁၀ ဖွဲ့ တက်ရောက်ဖို့ စာရင်းပေးထားတယ်လို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။

အဆိုပါအဖွဲ့တွေထဲက အများစုဟာ ဆယ်စုနှစ်တွေနဲ့ ချီပြီး  စစ်တပ်နဲ့ တိုက်ပွဲတွေ တကြိမ်တခါမှ ဖြစ်ပွားခဲ့တာ မရှိတဲ့ အဖွဲ့တွေဖြစ်ပြီး လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ KNU၊ KIO၊ KNPP၊ CNF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲ မတက်ဘူးလို့ အသီးသီးကြေညာထားကြပါတယ်။

တရားမဝင် အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီအနေနဲ့ အခုလိုငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးနဲ့ စီးပွား‌ရေး အခက်ခဲတွေကို ယာယီဖြေရှင်းဖို့ ကြိုးစားနေတာသာဖြစ်ပြီး  ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်အသက်သွင်းမယ့် စစ်အုပ်စုရဲ့ အတုယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ဟာ တရားဝင်မှုမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က  ထုတ်ပြန်ထားပါတယ်။ 

အာဏာသိမ်းစစ်တပ်နဲ့ စစ်ရေးပဋိပက္ခတိုက်ပွဲတွေ ဖြစ်ပွားမနေတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ခေါင်းဆောင်တို့အကြား နေပြည်တော်မှာ တွေ့ဆုံမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ တဖွဲ့ချင်းစီရဲ့ အကျိုးစီးပွားအတွက် တောင်းဆိုတာထက်မပိုတဲ့ ဟန်ပြဆွေးနွေးပွဲသာ ဖြစ်လိမ့်မယ် လို့  နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013