
ကေအန်ယူ၊ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ၊ ကျိုက်ထိုမြို့နယ်၊ အထက်အင်္ဂဘိုကျေးရွာအနီးမှာ မေ ၁၁ ရက် မနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ပြောပါတယ်။
စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်က အထက်အင်္ဂဘိုကျေးရွာအနီးကို စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
၄ နာရီ နီးပါးကြာမြင့်ခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံအရပ်သားပြည်သူ ၂ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ခံက ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရော်ဘာခြံအလုပ်သမားတွေနဲ့ ဒေသခံရွာသား တချို့ကို ဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့သလို ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်ခတ်တာကြောင့် ဒေသခံပြည်သူ ရာနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
အဲဒီတိုက်ပွဲဟာ မနေ့က ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
ကျိုက်ထိုမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများနေတာ ဖြစ်ပါတယ်။