DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ဖိအားပေးမှုကြောင့် ပြန်ဖွင့်ရသည့် ရုပ်ရှင်ရုံများအရှုံးပေါ်၊ ရုံ ၇၀ တွင် ၆၀ ခန့်ပြန်ပိတ်
DVB
·
May 11, 2022
စစ်ကောင်စီ ဖိအားပေးမှုကြောင့် ပြန်ဖွင့်ရသည့် ရုပ်ရှင်ရုံများအရှုံးပေါ်၊ ရုံ ၇၀ တွင် ၆၀ ခန့်ပြန်ပိတ်
Donate to DVB

အာဏာသိမ်း စစ်ကောင်စီက တနိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေကို မဖြစ်မနေဖွင့်ဖို့ ဖိအားပေးခဲ့ပေမယ့် ကြည့်ရှုသူ မရှိတာကြောင့် အရှုံးပေါ်ပြီး ရုပ်ရှင်ရုံလုပ်ငန်းရှင်ရော၊ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းရှင်တွေပါ အထိနာခဲ့လို့ ဆက်မပြနိုင်ကြတော့ပါဘူး။ 

ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတရက်နေ့ ဧပြီ ၁၇ ရက်နေ့ကစပြီး တနိုင်ငံလုံးက ဖွင့်နိုင်သမျှ ရုပ်ရှင်ရုံတွေ ၇၀ နီးပါးကို ဖိအားပေးဖွင့်လှစ်ခိုင်းခဲ့ကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အနုပညာရှင်တွေရဲ့ ဇာတ်ကားတွေနဲ့ ရုံတင်ပြသခဲ့ပေမယ့် ကြည့်ရှုသူ မရှိခဲ့ပါဘူး။ 

တလအကြာမှာတော့ အစိုးရပိုင်ရုပ်ရှင်ရုံအနည်းငယ် ဆက်လက်ဖွင့်လှစ်နိုင်ခဲ့ပြီး တနိုင်ငံလုံး ၁၀ ရုံနီးပါးသာ ကျန်ရှိတော့သလို မြန်မာရုပ်ရှင် ဇာတ်ကားတွေ ပြသဖို့ မဖြစ်နိုင်တော့တာကြောင့် နယ်ရုံတွေမှာ နိုင်ငံခြားဇာတ်ကားဟောင်းတွေကို ပြန်ပြသနေပါတယ်။

“ကိုဗစ်မဖြစ်ခင်ကအထိ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေသွင်းတဲ့ သုဝဏ္ဏနဒီကုမ္ပဏီတို့ ဘာတို့ရှိတယ် အခုက သူတို့လည်း မရှိတော့ဘူ၊ ပြင်ပထွက်သွားကြပြီ။ အခု ပြနေတဲ့ အဲ့ဒီဇာတ်ကားတွေက ပြတာတော့ ဘယ်ကယူပြလဲဆိုတာက အရင်လို ဖလင်နဲ့မှ မဟုတ်တာ ဟက်ဒစ်နဲ့ကူးပြီး ပြလို့ရနေတာပဲလေ။ အရှုံးပေါ်နေတာ မြန်မာကားတောင် မပြနိုင်တာ နိုင်ငံခြားကဇာတ်ကား ဘယ်လိုသွင်းပြီး ပြမလဲ။ အွန်လိုင်းမှာ ကားဟောင်းတွေ ဒေါင်းလို့ရတဲ့ ဆိုဒ်တွေ အများကြီးပဲလေ။” လို့ ရုပ်ရှင်လောကသားတဦးက ပြောပါတယ်။

ဒီတပတ်မှာတော့ မြစ်ကြီးနားက ဧရာရုံရှင်ရုံမှာတော့ PEE NAK 3 ကို ရုံတင်ပြသနေသလို ကြည့်ရှုသူလည်း တရုံလုံးမှ လူအနည်းငယ်သာ ရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့အပတ်က လိပ်ပြာထောင်ချောက် တင်ထားတာတွေ့တယ်၊ သွားကြည့်ကြတဲ့သူလည်း မတွေ့ပါဘူး။ အလွန်ဆုံးရှိမှ လေးငါးယောက်ပေါ့။ အခုလည်း ထိုင်းသရဲကားပြထားတာ ဖြတ်သွားရင်း တွေ့ခဲ့တယ်။ လာကြည့်တဲ့သူမျိုးလည်း မတွေ့ခဲ့မိပါဘူး” လို့ မြစ်ကြီးနားဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဖွင့်ခိုင်းခဲ့တဲ့ ရုံပေါင်း ၇၀ ကတော့ သရုပ်ဆောင်လူမင်း ပါဝင်သရုပ်ဆောင်ထားတဲ့ ဝေးမနေချင်ဘူး ဇာတ်ကားကို ပြသခဲ့ရာမှာ တနိုင်ငံလုံးမှာ ၃၂ သိန်းသာဝင်ငွေရခဲ့ပြီး ဒါဟာ အဆိုးဝါးဆုံးရှုံးတဲ့စံချိန်လည်း ဖြစ်ပါတယ်။ 

ရုပ်ရှင်ထုတ်လုပ်သူတွေဟာ ရုပ်ရှင်ကားတကားကို အနည်းဆုံး ကျပ်သိန်း ၈၀၀ ကနေ ကျပ်သိန်းထောင်ချီ ကုန်ကျခံ ရိုက်ကူးထားခဲ့ကြတာဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ အနုပညာရှင်တွေအားလုံးကို ဖမ်းဆီးထားခဲ့ရာကနေ ပြန်လွှတ်ပေးခဲ့ပြီးနောက် ပြည်သူတွေ အားပေးတဲ့ အနုပညာရှင်တွေရဲ့ ဇာတ်ကားတွေနဲ့ ရုံတင်ပြသကာ ရုပ်ရှင်ရုံတွေ ပြန်လည်ပတ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

“သမ္မတရုပ်ရှင်ရုံတရုံမှာ သိန်း ၈၀ လောက်ပေးရတယ်၊ အစိုးရဆီကငှားတဲ့ ရုံတွေက အနည်းဆုံးတပတ်ကို သိန်း ၃၀ လောက်ထိပေးရတယ်။ ကိုဗစ်ကာလတုန်းက ရပ်ထားတဲ့အခါ အစိုးရဆီ ပေးသွင်းရငွေတွေကိုလည်း ရပ်နားထားပေးတယ်။ အခု ပြန်ဖွင့်ရတော့ ရုံပိုင်တွေလည်း ရှုံးပြီပေါ့၊ အစိုးရဆီ မပေးရဘူးဆိုရင်တောင် ဝန်းထမ်းခနဲ့ တခြားကုန်ကျစရိတ်တွေရှုံးတယ်။ ထုတ်လုပ်ရေးကလည်း ရုပ်ရှင်တကားကို သိန်းထောင်ချီ ကုန်ကျခံရိုက်ထားရတာ အခု လူမင်းကားဆို ၃၂ သိန်းပဲရတယ်။ ပြေတီဦးကားက ၈၀ လောက်ရတယ်။ အခု ပိုင်တံခွန်ကားလည်း လူမဝင်ဘူး ဝင်ငွေ မသိရသေးဘူး။ သူလည်း အလွန်ဆုံး ၃၀ လောက်ပဲ၊ သိန်းထောင်ချီ ကုန်ကျခံရိုက်ထားတာဆိုတော့ ဘယ်လိုခံနိုင်မလဲ” လို့ ရုပ်ရှင်လောကသားတဦးက တွက်ပြပါတယ်။

ရုပ်ရှင်ရုံထုံးစံအရ လူဝင်များတဲ့ ရုပ်ရှင်းကားတွေကိုသာ နောက်တပတ် ရုံတင် ပြသခွင့်ရှိနေတာကြောင့် လူမဝင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ တပတ်ပြီးတာနဲ့ ရုံကားချရတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုချိန်မှာ ရုံပိုင်ရော ထုတ်လုပ်သူရော အားလုံးအထိနာကုန်တာလည်း ဖြစ်ပါတယ်။

အစိုးရပိုင်ရုပ်ရှင်ရုံတရုံဖြစ်တဲ့ ခုံရေ ၉၇၀ ကျော်ရှိတဲ့ သမ္မတရုပ်ရှင်ရုံဟာ ရုံတွေထဲမှာ အကြီးဆုံးဖြစ်ပြီး ဝင်ခ ကျပ် ၃၀၀၀ ကနေ  ကျပ် ၂၀၀၀၀ အထိ ရှိပါတယ်။ ရက်သတ္တပတ်ကနေ ၂ ပတ်အတွင်း ပြသခွင့်ရတဲ့ ရုပ်ရှင်တကားကို အနည်းဆုံး ကျပ်သိန်း ၁၅၀၀ ကနေ အများဆုံး သိန်း ၃၀၀၀ ထိ ဝင်ငွေ ရရှိခဲ့ဖူးပါတယ်။

အခုချိန်မှာတော့ စစ်ကောင်စီ ဖိအားပေး ဖွင့်လှစ်ခိုင်းခဲ့တဲ့ ရုံပေါင်း ၇၀ ကျော်ကနေ အခုတော့ ရန်ကုန်မှာ သမ္မတ တရုံသာ ဆက်ဖွင့်ထားပြီး မန္တလေးမှာ ဝင်းလိုက်၊ မြစ်ကြီးနားမှာ ဧရာရုံနဲ့ တခြားနယ်တချို့မှာ ဖိအားပေးဖွင့်ခိုင်းလို့ ဆက်ဖွင့်ထားရတဲ့ ရုပ်ရှင်ရုံ အနည်းငယ်သာ ကျန်ပါတော့တယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013