DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်မှ စစ်ဘေးသင့် ပြည်သူများ အမိုးအကာ အရေးပေါ်လိုအပ်
DVB
·
May 11, 2022
စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်မှ စစ်ဘေးသင့် ပြည်သူများ အမိုးအကာ အရေးပေါ်လိုအပ်
Donate to DVB

ဘင်္ဂလားပင်လယ်အော်မှာတိုက်ခတ်နေတဲ့  မုန်တိုင်းအရှိန်ကြောင့်  စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်တွေမှာ မိုးသည်းထန်နေပြီး စစ်ဘေးသင့်ပြည်သူတွေဟာ အမိုးအကာတွေ အရေးပေါ် လိုအပ်နေပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အာစန်နီ တိုက်ခတ်နေပြီး မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေ မရှိဘူးလို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ မုန်တိုင်းအရှိန်ကြောင့် မေလဆန်းကစပြီး စစ်ကိုင်း၊ ချင်း၊ မကွေး၊ ကချင်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွေမှာ မိုးဆက်တိုက်ရွာနေတာပါ။

စစ်ကောင်စီတပ်တွေ ဝင်ရောက် အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်ရှိ ကျေးရွာတွေက စစ်ရှောင်ပြည်သူတွေဟာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် အမိုးအကာ၊ အဝတ်အထည်၊ ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ မကွေးတိုင်း၊ ပေါက်မြို့နယ် ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

“နေ့စဉ်လို ရွာနေပါတယ်။ အခက်အခဲတွေကတော့ လောလောဆယ်တော့ မိုးကာတွေပေါ့။ ပြီးခဲ့တဲ့ရက်တွေကတော့ တော်တော်များများက မိုးကာနဲ့ ရိက္ခာလှူတာတွေ တွေ့ရတယ်။ လုံလောက်တဲ့အဆင့်တော့ မရောက်ဘူးပေါ့။ အတတ်နိုင်ဆုံးတော့ ကျနော်တို့လည်း ချိတ်ဆက်မှုတွေ လုပ်ပြီးတော့မှ ဒုက္ခရောက်တဲ့ရွာတွေ အကူအညီရအောင်တော့ အတတ်နိုင်ဆုံးတော့ ကြိုးစားနေတာပေါ့။ ပတ်ဝန်းကျင်ရွာတွေအချင်းချင်း ပြန်ပြီးတော့ ကူညီတာတွေ အားကောင်းတာလည်း တွေ့ရပါတယ်။ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်၊ မြိုင်၊ ရေစကြို အဲ့မြို့နယ်တွေမှာ ဒုက္ခသည်တွေများတယ်။ ပခုက္ကူနဲ့ ဆိပ်ဖြူမှာလည်း အနည်းအကျဉ်းရှိမယ်။ ကျနော်ပြောခဲ့တဲ့ မြို့နယ်တွေပေါင်းလိုက်ရင် စုစုပေါင်း သိန်းဂဏန်းလောက် ဖြစ်သွားမယ်။ တသိန်းကျော်ကျော်လောက်ရှိမယ်။ စစ်ကိုင်းကတော့ မကွေးထက်ပိုများမှာ၊ မြို့နယ်အရေအတွက်လည်း ပိုများတာကိုး။”

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာတော့ စစ်ကောင်စီက အကြမ်းဖက် မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံတွေဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နေရပါတယ်။

မိုးရွာသွန်းမှုအပြင် စားသောက်ကုန်တွေနဲ့ အခြေခံလိုအပ်တဲ့ ပစ္စည်းတွေ၊ ဆေးဝါးတွေကို စစ်တပ်က ကန့်သတ်စစ်ဆေးနေတာကြောင့် ဒေသခံတွေဟာ အသက်ရှင်ရပ်တည်နိုင်ဖို့ ခက်ခဲနေပါတယ်။

ရေဦး၊ သောင်ပြင်ငယ်ရွာ ဒေသခံတဦးက “အိမ်မီးလောင်သွားတဲ့သူတွေက မိုးရာသီလည်း ရောက်တော့မယ်၊ နေစရာအိမ်ကလည်း မရှိတော့ အမိုးအကာတွေ လိုအပ်တယ်။ ဒီဘက်ကတော့ ထန်းလက်တဲလိုဟာမျိုးပေါ့။ ဆန်၊ ဆီ၊ ဆား၊ စောင်၊ ခြင်ထောင် ဒီဘက်ကနေ သွားပို့ရတယ်ဗျ။ ကျနော်တို့ရွာနားက ရွာ ၂ရွာ မီးရှို့ခံရတယ်။ အိမ်ခြေ ၂၀၀ လောက်အထိ ကုန်တယ်ဗျ။ အဲ့ဒါကြောင့် ဒေသခံတွေကတော့ သူတို့လာရင် မီးရှို့မယ်ပဲထင်ပြီး အိမ်မှာ သယ်ထုတ်လို့ ရတာတွေကို အကုန်သယ်ထုတ်ထားတယ်။ လမ်းပန်းဆက်သွယ်ရေးက အဆင်မပြေတော့ ပစ္စည်းက လွယ်လွယ်ကူကူ ဝယ်လို့မရဘူးဗျ။ သူတို့ကတော့ PDF နဲ့ဆက်စပ်တဲ့ ပစ္စည်းတွေ ဖမ်းဆီးတယ်။ ပြည်သူတွေကိုလည်း ဖမ်းဆီးတယ်။ ဆန်၊ ဘိလပ်မြေ၊ ရေတွင်းတူးမယ့် ပိုက်လုံးကအစ မသယ်ရဘူး။ ဒီရိက္ခာတွေကိုသုံးပြီး PDF တွေကို ကျွေးမယ်။ ပြည်သူလူထု ဆက်လက်ရပ်တည်နိုင်မယ်ဆိုတဲ့ စီမံကိန်းတွေ ဖြစ်မှာမို့လို့ သူတို့က တားဆီးတဲ့သဘောပါ” လို့ ပြောပါတယ်။

အိမ်မီးရှို့ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ရွာက ပြည်သူတွေဟာ တောတောင်နဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေရပြီး အမိုးအကာ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာ လိုအပ်နေပါတယ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ရွာကို မေ ၂ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီက အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့တာပါ။ အင်းပတ်ရွာမှာ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့အထဲက အိမ်ခြေ ၃၀၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

ခင်ဦးမြို့နယ်၊ အင်းပတ်ရွာသူတဦးက “အိမ်ရှိတဲ့သူတွေကတော့ ပစ္စည်းတွေကို ဘေးရွာကို သယ်ကြတာပေါ့။ အိမ်မရှိတဲ့သူတွေကတော့ ကျောင်းထဲမှာ ဘုံနေရတာပေါ့။ ခက်ခဲတာတွေကတော့ တော်တော်ကိုရှိတယ်။ အိမ်မရှိတဲ့သူတွေကိုတော့ နီးစပ်ရာ ရွာလေးတွေကို အလှူခံပြီးတော့ ချက်ကျွေးရတယ်ဗျ။ ရွာမှာလည်း လက်လုပ်လက်စားတွေက ဝင်ငွေမရှိတော့ အသုံးစရိတ်လည်း မရှိဘူးပေါ့။ အိမ်ပြန်လာတော့လည်း အိမ်ကမရှိနဲ့ ခက်ခဲနေပါတယ်။ ကျန်းမာရေးကတော့ လေဖြတ်တဲ့သူလည်း ရှိတာပေါ့။ နေမကောင်း အသက်ကလည်းကြီး အိမ်ကလည်း မီးထဲပါဆိုတော့ စိတ်ဓာတ်ကျတာဖြစ်တာပေါ့။ ကလေး လူကြီးပေါ့ ကျန်းမာရေးချို့တဲ့တယ်။ ရွာက ကျေးလက်ဆရာမကလည်း CDM လုပ်ထားတာဆိုတော့ လွတ်ရာကို ရှောင်တယ်။ ကျမတို့ဆီ ဆေးဝါးတွေ ဘာတွေ မလွယ်ဘူး။ လိုအပ်တာတွေ ရေဦး သွားဝယ်ရတာ။ အင်းပတ်မှာ ဈေးဆိုင်တွေလည်း မရှိတော့ဘူး။ ဘာမှမရှိတော့ဘူး။ ရောင်းလည်း မရောင်းရဲတော့ဘူး။ ရောင်းတဲ့ဆိုင်တွေကလည်း မီးထဲပါ ဆိုတဲ့အခါကြတော့ ရေဦးကို လူကြုံရှိရင် တတ်နိုင်သလောက်လေး မှာရပါတယ်။ သူတို့လစ်တဲ့အချိန်လေး သွားရပါတယ်။ ဈေးဝယ်ပေးတဲ့သူကလည်း အမြဲတမ်း မသွားရဲဘူး။ တော်တော့်ကိုခက်ခဲပြီး အဆင်မပြေပါဘူး။ ပြည်သူကို ဒုက္ခရောက်အောင် အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်နေတာ ကျမကတော့ စစ်ကောင်စီကို လုံးဝမကျေနပ်ဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံထဲက ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးဖို့  အာဆီယံနဲ့ နိုင်ငံတကာ အလှူရှင်တွေက ကြိုးစားနေပေမဲ့ စစ်ကောင်စီက အခွန်ကောက်ဖို့အပါအဝင် အဟန့်အတားတွေ အမျိုးမျိုးလုပ်နေတာကြောင့် တနှစ်ကျော်ကြာလာတဲ့အထိ အကောက်အထည် မဖော်နိုင်သေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပတဲ့ မြန်မာကို အကူအညီပေးရေးနဲ့ပတ်သက်တဲ့ အာဆီယံ အစည်းအဝေးမှာ စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ အဖွဲ့ကနေတဆင့် အကူအညီတွေပေးဖို့  စီစဉ်ထားတဲ့အတွက် အမှန်တကယ်အကူအညီလိုနေသူတဲ့ စစ်ဘေးသင့်ပြည်သူတွေဆီကို အကူအညီတွေ ရောက်လာမှာ မဟုတ်ဘူးလို့ ဒေသတွင်း ပရဟိတသမားတွေက ဝေဖန်ပါတယ်။

အာဆီယံအနေနဲ့ ပြည်သူတွေကို စစ်မှန်တဲ့ အကူအညီတွေ ပေးချင်တယ်ဆိုရင် ဒေသတွင်း အရပ်ဘက်အဖွဲ့တွေနဲ့ ပူးပေါင်းတာက ပိုပြီးထိရောက်လိမ့်မယ်လို့ အကြံပြုပါတယ်။

ကုလသမဂ္ဂအဖွဲ့က ပေးအပ်တဲ့ အကူအညီတွေကိုတောင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီး ကန့်သတ်ခဲ့တာကြောင့် ပြည်သူတွေဆီကို လိုအပ်တဲ့ အကူအညီတွေ မရောက်နိုင်ဖြစ်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013