DVB Logo
Home
မြန်မာသတင်း
စစ်တပ်က တနှစ်အတွင်း ပြည်သူ့အိုးအိမ် ၅၇၀ ထက်မနည်း ချိပ်ပိတ်၊ ပြည်သူ ၁၈၃၃ ဦးကို သတ်ဖြတ်
DVB
·
May 11, 2022
စစ်တပ်က တနှစ်အတွင်း ပြည်သူ့အိုးအိမ် ၅၇၀ ထက်မနည်း ချိပ်ပိတ်၊ ပြည်သူ ၁၈၃၃ ဦးကို သတ်ဖြတ်
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၈၃၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၆၄၄ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မေ ၁၀ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေး ကာလအတွင်း ဒီနေ့အထိ ၁၀,၅၉၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၀၄၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၆၈ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၇ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်း ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၀၉ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း ၅၇၀ ထက်မနည်းရှိခဲ့တယ်လို့လည်း အေအေပီပီက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၆ ရက်က မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကျွန်းကြီးကျေးရွာကနေ ရန်ကုန်ကို သွားတဲ့ လူငယ် ၂ ယောက်ကို ပျဉ်းချောင်းကျေးရွာအနီးမှာ စစ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် ၁ ယောက် သေဆုံးသွားခဲ့ပြီး ၁ ယောက် ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရပါတယ်။ သေဆုံးသွားသူမှာ အသက် ၂၀ အရွယ် မောင်ငြိမ်းထက်အောင်ဖြစ်တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် ကျောက်ဆည်ပညာရေးသပိတ်မှာ ဦးဆောင်ပါဝင်ခဲ့တဲ့ CDM ကျောင်းဆရာကို ရှာမတွေ့တာကြောင့် သူ့ရဲ့ ၄ နှစ်ခွဲအရွယ် သမီးဖြစ်သူ မရှကီကို ဓါးစာခံအဖြစ် အကြမ်းဖက်စစ်အုပ်စုက ပြီးခဲ့တဲ့ မေ ၄ ရက်က ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။ 

ဧပြီ ၃၀ ရက်မှာ အဆိုပါကျောင်းဆရာရဲ့ ဇနီးဖြစ်သူကို အကြမ်းဖက်စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ပြီး၊ မေ ၁ ရက်မှာတော့ သူ့ရဲ့ မိဘ ၂ ယောက်၊ အစ်ကို ၂ ယောက်၊ ညီမ ၁ ယောက်၊ ယောက်က္ခမ ၁ ယောက်နဲ့ ခယ်မ ၁ ယောက်တို့ကိုလည်း ထပ်မံပြီးတော့ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်း ကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013