DVB Logo
Home
မြန်မာသတင်း
ကဆုန်လပြည့်နေ့ သံဃာ ၁၀၀၀၀ ကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သပိတ်မှောက်ရန် သံဃသမဂ္ဂ တိုက်တွန်း
DVB
·
May 10, 2022
ကဆုန်လပြည့်နေ့ သံဃာ ၁၀၀၀၀ ကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သပိတ်မှောက်ရန် သံဃသမဂ္ဂ တိုက်တွန်း
Donate to DVB

မန္တလေးမြို့မှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ကျင်းပမယ့် ကဆုန်လပြည့်နေ့ သံဃာ ၁၀၀၀၀ ကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သပိတ်မှောက်ဆန့်ကျင်ဖို့ တိုက်တွန်းတဲ့အနေနဲ့ သံဃသမဂ္ဂ (မန္တလေး) က မေလ ၁၀ ရက်မှာ မေတ္တာရပ်ခံ ပန်ကြားစာ ထုတ်ပြန်လိုက်ပါတယ်။

မန္တလေးတိုင်း စစ်ကောင်စီအနေနဲ့ သာသနာတော်နှစ် ၂၅၆၆ နှစ် အထိမ်းအမှတ် သံဃာတော်အပါး ၁ဝ၂၆၄ ပါးကို ကျုံးမြို့ရိုးဘေးမှာ ဆွမ်းလောင်ပွဲလုပ်ဖို့ ဆောင်ရွက်နေပြီး လာရောက်လောင်းလှူဖို့ အလှူရှင်တွေကိုလည်း ဖိတ်ခေါ်နေပါတယ်။

နိုင်ငံရေးအကျပ်တည်းထဲကျရောက်နေတဲ့ စစ်ကောင်စီဟာ ထွက်ပေါက်ရှာတဲ့ အနေနဲ့ တဘက်မှာ ပြည်သူလူထုကို အရက်စက်ဆုံးနည်းလမ်းတွေနဲ့ စစ်ရာဇဝတ်မှုများကျူးလွန်နေပြီး တခြား တဘက်မှာ ဘာသာရေးအခမ်းအနားတွေ ပြုလုပ်ကာ သာသနာပြုနေသယောင် ဘာသာရေးနဲ့ ဘာသာရေးခေါင်းဆောင်တွေကို အသုံးချနေတယ်လို့ မေတ္တာရပ်ခံ ပန်ကြားစာမှာ ဖော်ပြထား ပါတယ်။

သမိုင်းတစ်လျှောက်မှာ သံဃာထုဟာ ပြည်သူလူထုရှေ့မှာ မားမားမတ်မတ်ရပ်တည်ကာ မတရားမှုများကို ဆန့်ကျင်တွန်းလှန်ခဲ့ကြတဲ့အပြင် နိုင်ငံရဲ့ ပကတိအခြေနေမှန်တွေကို နားလည် သဘောပေါက်တာကြောင့် စစ်အာဏာရှင်တွေရဲ့  အသုံးချခံမဖြစ်ဖို့ မျက်စိကြီးကြီး နားကြီးကြီး ထားဖို့ အထူးလိုအပ်တယ်လို့ သံဃသမဂ္ဂက ဆိုပါတယ်။ 

ပြည်သူလူထုတစ်ရပ်လုံး အတိဒုက္ခရောက်ချိန်တွင် သံဃာထုက မိမိတို့နဲ့ မသက်ဆိုင်သကဲ့သို့ လစ်လျူရှုနေတာမျိုး လုံးဝမဖြစ်သင့်ဘဲ အထူးသဖြင့် စစ်အာဏာရှင်တွေကို အားပေးထောက်ပံ့ရာ ရောက်မယ့် ကိစ္စမှန်သမျှကို အသိကြီးကြီးထား ရှောင်ရှားဖို့ တိုက်တွန်းပါတယ်။ 

ကျေးရွာတွေမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဖျက်ဆီးခံနေရတာကြောင့် သောက ပရိဒေဝ ဒုက္ခပင်လယ် ဝေနေကြတဲ့အချိန်မှာ ကျူးလွန်သူတွေ မတရားနည်းနဲ့ ရယူထားတဲ့ မသန့်ရှင်းတဲ့ ပစ္စည်းလှူဒါန်းမှုကို လက်ခံရယူဖို့ မသင့်တော်ဘူးလို့ယူဆကြောင်း မေတ္တာရပ်ခံ ပန်ကြားစာမှာ ဖော်ပြထားပါတယ်

သံဃာထုအနေနဲ့ လောကအရေး ဓမ္မအရေးတွေကို  အမြင်ကျယ်ကျယ် အမြော်အမြင်ကြီးကြီးနဲ့ ဆင်ခြင်ကာ ဓမ္မဘက်မှပြတ်ပြတ်သားသား ရပ်တည်ကြပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ သာသနာကိုကြည်ညိုယောင်ဟန်ပြအသုံးချနေတာကို  ပူးပေါင်း ဆောင်ရွက်တာ မပြုကြဘဲ သပိတ်မှောက် ငြင်းပယ်ကြပါဖို့ သံဃသမဂ္ဂ(မန္တလေး) က တောင်းဆို ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013