DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲဖြစ်မည်ကို ကွတ်ခိုင် ကာလိုင်ဇွပ်အောင် စစ်ရှောင်များ စိုးရိမ်နေ
DVB
·
May 10, 2022
တိုက်ပွဲဖြစ်မည်ကို ကွတ်ခိုင် ကာလိုင်ဇွပ်အောင် စစ်ရှောင်များ စိုးရိမ်နေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲက ကာလိုင်ဇွပ်အောင် စစ်ရှောင်ရွာနားမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက ဖေဖော်ဝါရီလ ကတည်းကနေ စစ်ရှောင်ပြည်သူတွေ ရွာတည်ထားတဲ့ စစ်ရှောင်ရွာပတ်ဝန်းကျင်မှာ တပ်စခန်းပြုလုပ်ပြီး နေထိုင်နေတာကြောင့် တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

စစ်ရှောင်ရွာနဲ့ အနီးပတ်ဝန်းကျင်တွေမှာ ကချင်လွတ်မြောက်ရေးတပ်တော်၊ တအာင်းလွတ်မြောက်ရေးတပ်မတော်တို့ရှိနေပေမဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) တပ်သားတွေက စစ်‌ရှောင်ရွာထဲထိ နေထိုင်ခဲ့တာတွေရှိခဲ့သလို စစ်‌ရှောင်ရွာနဲ့ အနီးပတ်ဝန်းကျင်မှာ ရှိနေသေးတာကြောင့် စစ်ကောင်စီစစ်တပ် စစ်ကြောင်းထိုးလာရင် တိုက်ပွဲတွေဖြစ်ပွားမှာကို စိုးရိမ်တယ်လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

“ရွာပတ်ဝန်းကျင်မှာတော့ ပလောင်ကော၊ ကချင်ကော၊ ကိုးကန့်ကောရှိတယ်။ အခုက ကိုးကန့်တပ်ဖွဲ့တွေက ရွာထဲမှာလာပြီး တပ်စခန်းချသလိုမျိုး လာနေတာတွေရှိတယ်၊ လာနေလိုက်ပြန်သွားလိုက်ပဲ။ လွန်ခဲ့တဲ့တပတ်လောက်ကပဲ ရွာထဲကနေတော့ ပြန်ထွက်သွားပြီး ဒါပေမဲ့ ရွာနဲ့နီးကပ်တဲ့နေရာတွေမှာ ရှိနေသေးတယ်။ ဟိုစစ်တပ်(စကစ) တွေရောက်လာရင် တိုက်ပွဲတွေ ဖြစ်လာမှာစိုးရိမ်နေတယ်။ ဒီရွာက စစ်ရှောင်စခန်းတွေမှာ နေတာ အဆင်မပြေလို့ ဒီမှာပြန်ပြီး နေရာချပြီး နေထိုင်နေတဲ့ စစ်ရှောင်ရွာဆိုတော့ တိုက်ပွဲဖြစ်လာရင် ထပ်ပြီး ထွက်ပြေးရမှာတွေ ကြောက်နေရတယ်။ စစ်တပ်က လက်နက်ကြီးကျတာတွေ၊ ရွာမီးရှို့တာတွေ ဖြစ်မှာစိုးတယ်။” 

စစ်ရှောင်ပြည်သူတွေနေထိုင်နေတဲ့ ကာလိုင်ဇွပ်အောင်ရွာစစ်ရှောင်ရွာကပြည်သူတွေဟာ ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကွတ်ခိုင်မြို့နယ် နားချမ်ဒေသကနေ ကွတ်ခိုင်မြို့ကို တိမ်းရှောင်နေထိုင်နေခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ နေရပ်မပြန်နိင်သေးတာကြောင့် ကောင်းခါးပြည်သူ့စစ်တွေကနေ မြေနေရာတောင်းယူပြီး နေထိုင်နေတဲ့ စစ်ရှောင်ရွာဖြစ်တယ်လို့ သိရပါတယ်။

စစ်ရှောင်ရွာ ပတ်ဝန်းကျင်တွေမှာ ရောက်ရှိနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ပြည်သူတွေကို အသိမပေးခွင့် မတောင်းဘဲ နေအိမ်တွေမှာရှိနေတဲ့ ပစ္စည်းတွေကိုလည်း မကြာခဏ ယူသွားတာတွေရှိတယ်လို့ စစ်ရှောင်ရွာက အမျိုးသမီးကပြောပါတယ်။

“သူတို့တွေက ခွင့်တောင်းတာတွေလည်း မရှိဘူး။ အိမ်မှာရှိတဲ့ ဆန်တွေ၊ အစားအသောက်တွေကိုလည်း သူတို့ယူချင်သလို ယူသွားတယ်၊ သူတို့လိုအပ်တဲ့ပစ္စည်းဆိုရင် ညအချိန်လည်း လာယူသွားတယ်၊ ဇွန်းတွေကအစပေါ့။ ပြောပြီး၊ ခွင့်တောင်းပြီး ယူတယ်ဆိုရင်တော့ ကျမတို့ စိတ်ချမ်းသာသေးတာပေါ့” လို့ပြောပါတယ်။

စစ်ရှောင်ရွာပတ်ဝန်းကျင်တွေမှာ MNDAA တပ်ဖွဲ့တွေ တပ်စခန်းချလှုပ်ရှားနေတာနဲ့ပတ်သက်ပြီး MNDAA ပြောရေးဆိုခွင့်ရသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလိုင်း အခက်အခဲကြောင့် အဆက်အသွယ် မရဖြစ်နေပါတယ်။ 

သတင်းရင်းမြစ်တွေအရ ကာလိုင်ဇွပ်အောင် စစ်ရှောင်ရွာပတ်ဝန်းကျင်တွေမှာ MNDAA ကိုးကန့်တပ်ဖွဲ့တွေ စခန်းချလှုပ်ရှားနေတာတွေရှိတယ်လို့ သိရပါတယ်။

ကာလိုင်ဇွပ်ဂျာစစ်ရှောင်ရွာမှာ နေထိုင်နေတဲ့ပြည်သူတွေဟာ ကွတ်ခိုင်မြို့နယ် နားဆိုင်‌ကျေးရွာအုပ်စုထဲက ကျေးရွာပေါင်း ၁၀ ရွာမှာနေထိုင်ခဲ့တဲ့ ပြည်သူတွေဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ပြည်သူတွေ ဖြစ်ပါတယ်။ လက်ရှိအချိန် စစ်ရှောင်ရွာမှာ အိမ်ထောင်စု ၂၀၀ ဝန်းကျင်နေထိုင်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013