DVB Logo
Home
မြန်မာသတင်း
နွေဦးဆရာအတတ်သင်တက္ကသိုလ် အဓိပတိအဖြစ် ဒေါက်တာသိန်းလွင်ကို ခန့်အပ်
DVB
·
May 10, 2022
နွေဦးဆရာအတတ်သင်တက္ကသိုလ် အဓိပတိအဖြစ် ဒေါက်တာသိန်းလွင်ကို ခန့်အပ်
Donate to DVB

နွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ ပထမဆုံး အဓိပတိ အဖြစ် ပညာရေးကျွမ်းကျင်သူ  ဒေါက်တာသိန်းလွင်ကို  တက္ကသိုလ်ကောင်စီ(ယာယီ) ကနေ ခန့်အပ်တာဝန်ပေးလိုက်ကြောင်း မေလ ၉ ရက်မှာ အဆိုပါ တက္ကသိုလ်ကနေ ကြေညာပါတယ်။ 

Thinking Classroom Foundation တည်ထောင်သူ ဒေါက်တာသိန်းလွင်ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ရဲ့ ဦးဆောင်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး မြန်မာ့ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် လက်ရှိတော်လှန်ရေးကာလထိတိုင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ မေ ၈ ရက်က ကျင်းပတဲ့ တက္ကသိုလ်ကောင်စီ(ယာယီ) အစည်းအဝေး ဆုံးဖြတ်ချက်အရ ဒေါက်တာသိန်းလွင်ကို နွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ ပထမဆုံး အဓိပတိအဖြစ် ခန့်အပ်ထားပြီး ဖြစ်တယ်လို့ ကြေညာထားတာပါ။

ပညာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUGက ကမ်းလှမ်းခဲ့မှုကို ဒေါက်တာသိန်းလွင်ကငြင်းဆိုလိုက်ပြီး လတ်တလောမှာတော့ နွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ အဓိပတိတာဝန်ကို ထမ်းဆောင်နေတယ်လို့ ဒေါက်တာ သိန်းလွင်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

“ဒေါက်တာဇော်ဝေစိုးက ကျနော့်အား ပညာရေးဝန်ကြီး တာဝန်ယူရန် ကမ်းလှမ်းခဲ့ပါသည်။ ကျနော် ငြင်းပယ်ခဲ့ပါသည်။ အကြောင်းမှာ NUG သည် တော်လှန်ရေးတာဝန် ထမ်းဆောင်နေသည်ဖြစ်၍ တော်လှန်ရေးကို ဦးဆောင်နေသူများသာ ဝန်ကြီးဌာနကို တာဝန်ယူသင့်သည်ဟု ထင်မြင်ယူဆသောကြောင့် ဖြစ်ပါသည်။ ဒေါက်တာဇော်ဝေစိုးကိုသာ ပညာရေးဌာနကို ဆက်လက်တာဝန်ယူရန် အကြံပြုခဲ့ပါသည်။ ပညာရေးတက္ကသိုလ်အသီးသီးမှ ဆရာ၊ ဆရာမများ စုပေါင်းတည်ထောင်သည့် နွေဦးဆရာအတတ်သင်တက္ကသိုလ်မှ ခန့်အပ်သည့် တက္ကသိုလ်အဓိပတိတာဝန်ကို ကျနော် ယူခဲ့ပါသည်။ ရည်ရွယ်ချက်မှာ ဆရာအတတ်ပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရန်၊ အရည်အသွေးရှိသော ပညာကို ပေးအပ်နိုင်ရန်နှင့် ပညာရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် ဖြစ်ပါသည်။”

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက ကိုဗစ်-၁၉ ကပ်ဘေးအပြင် စစ်အာဏာသိမ်းမှုနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ကြရတာမို့ ပညာရေးကဏ္ဍမှာလည်း တက္ကသိုလ်တွေ၊ အခြေခံပညာကျောင်းတွေကို ပိတ်ထားခဲ့ကြရတဲ့အပြင် စစ်အာဏာ ရှင်စနစ်ဆိုးအောက်မှာ ဆက်လက်ပြီးတော့ ပညာမသင်ကြားရေးလှုပ်ရှားမှုတွေနဲ့အတူ ကျောင်းသားတွေရော မိဘပြည်သူတွေပါ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချိတ်ဆက်ကာ ကြားကာလပညာရေးအတွက် တော်လှန်ရေးကျောင်းအဖြစ် အခမဲ့အခြေခံပညာအဖွဲ့အစည်းတခုဖြစ်တဲ့ Free Online Educational Institution Myanmar (FOEIM) က ကျောင်း တွေ ဖွင့်လှစ်သင်ကြားနေသလို အဆင့်မြင့်ပညာအဆင့်မှာလည်း နွေဦးတက္ကသိုလ်လို တော်လှန်ပညာရေးအဖွဲ့အစည်းတွေက ဘာသာရပ်ဆိုင်ရာ သင်တန်းတွေအသီးသီး သင်ကြားပေးနေတာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013