DVB Logo
Home
Lead Story
မြေရှားသတ္တုကြောင့် ဂယက်ရိုက်လာတဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေး
March 21, 2026
မြေရှားသတ္တုကြောင့် ဂယက်ရိုက်လာတဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေး
Donate to DVB

ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁၇ ရက်က အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်တဲ့ အဒမ် ကတ်စတီလိုဟာ အိမ်ဖြူတော်ကို သွားခဲ့ပါတယ်။ အဲဒီမှာ ဒုတိယသမ္မတ ဂျေဒီဗန့်စ်ရဲ့ အကြံပေးတွေနဲ့ တွေ့ဆုံပြီး အမေရိကန်အနေနဲ့ မြန်မာနိုင်ငံက မြေရှားသတ္တုတွေ ရရှိနိုင်မဲ့ နည်းလမ်းတွေကို သွားရောက်တင်ပြခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံပြီးနောက်မှာ သူက ရိုက်တာသတင်းဌာနကို ပြောပြခဲ့ပါတယ်။ မြန်မာစစ်တပ်နဲ့ တရုတ်-မြန်မာနယ်စပ် ပန်ဝါဒေသက မြေရှားသတ္တုလုပ်ငန်းတွေကို ထိန်းချုပ်ထားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်ကြားမှာ “နှစ်ဦးနှစ်ဖက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ သဘောတူညီချက်” တခုရအောင် အမေရိကန် တာဝန်ရှိသူတွေက ကြားဝင်စေ့စပ်ပေးဖို့ သူက တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

KIA ထိန်းချုပ်နယ်မြေက ထွက်တဲ့ မြေရှားသတ္တုတွေကို အိန္ဒိယကိုပို့ပြီး သန့်စင်မယ်။ ပြီးမှ အမေရိကန်ကိုပြန်တင်ပို့မဲ့အစီအစဉ်တခု KIA နဲ့ လုပ်ဖို့ကိုလည်း သူက အကြံပြုခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တာကြောင့် တနိုင်ငံလုံးမှာ လက်နက်ကိုင်တော်လှန်ရေးတွေ ပေါ်ပေါက်လာပါတယ်။ KIA ဟာလည်း ဒီတော်လှန်ရေးမှာ ပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲကတခုပါ။ တခြား တော်လှန်ရေးအဖွဲ့တွေလိုပဲ KIA ဟာလည်း စစ်တပ်က ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ငြင်းဆန်ထားပါတယ်။

အမေရိကန်အနေနဲ့ မြန်မာ့မြေရှားသတ္တုတွေကို ရယူဖို့ ကြိုးစားမယ်ဆိုရင် ထောက်ပံ့ပို့ဆောင်ရေးနဲ့ ပထဝီနိုင်ငံရေးအရ အကြီးအကျယ် အခက်အခဲတွေ ရှိလာနိုင်တယ်လို့ လေ့လာသူတွေက သတိပေးထားပါတယ်။ အမေရိကန်ဘက်ကလည်း ဒီလိုပဲ ရှုမြင်ပုံရပါတယ်။ အခုချိန်ထိတော့ မြန်မာနိုင်ငံက မြေရှားသတ္တုတွေကို ရယူဖို့ ဘာအစီအစဉ်မှ တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဒါပေမဲ့ ဒီဆောင်းပါးအတွက် လူ ၁၇ ယောက်ကို အင်တာဗျူးခဲ့ရာမှာတော့၊ အိမ်ဖြူတော်ကို မြန်မာ့မြေရှားသတ္တုအကြောင်း သွားရောက်တင်ပြခဲ့တာဟာ ပိုကြီးမားတဲ့ အပြောင်းအလဲတခုရဲ့ လက္ခဏာရပ်ဖြစ်တယ်လို့ ဆိုကြပါတယ်။

အင်တာဗျူးဖြေဆိုသူ အများစု (အမေရိကန် အစိုးရအရာရှိဟောင်းတွေ၊ ပိတ်ဆို့အရေးယူမှုနဲ့ မူဝါဒဆိုင်ရာ ကျွမ်းကျင်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ) က သူတို့ရဲ့ လုံခြုံရေးနဲ့ အလုပ်အကိုင် ထိခိုက်မှာစိုးလို့ အမည်မဖော်ဘဲ ဖြေကြားခဲ့ကြတာပါ။

"အခုအချိန်က ဒါတွေလုပ်ဖို့ အခွင့်ကောင်းဖြစ်နေတယ်"လို့ အမေရိကန်-မြန်မာ မူဝါဒရေးရာတွေမှာ ဆယ်စုနှစ်တခုကျော် အလုပ်လုပ်ခဲ့တဲ့ သဘာဝသယံဇာတ ကျွမ်းကျင်သူတဦးက ပြောပါတယ်။

"လူတွေက အခုအစိုးရကို အမေရိကန် အကျိုးစီးပွားတခုတည်းကိုပဲ ကြည့်တဲ့ အစိုးရလို့ မြင်ကြတယ်။ဒါကြောင့် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကိုယ်ကျိုးရှာချင်သူတွေက ဒီလိုနည်းလမ်းတွေနဲ့ ချဉ်းကပ်နေကြတာပါ" လို့ သူက ဆိုပါတယ်။

မက်မောနေကြတဲ့ကုန်ကြမ်း

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ မြန်မာ့မြေရှားသတ္တုတွေဟာ ကမ္ဘာ့ဈေးကွက်အတွက် မရှိမဖြစ် အရေးပါလာပါတယ်။ အရင်တုန်းကတော့ ကမ္ဘာ့မြေရှားသတ္တု အများစုကို တရုတ်ကပဲ တူးဖော်ထုတ်လုပ်ခဲ့တာပါ။ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေး ထိခိုက်မှုတွေ သိပ်ဆိုးရွားလာလို့ ၂၀၁၀ ပြည့်လွန်နှစ်တွေကစပြီး တရုတ်အစိုးရက စည်းကမ်းတွေ တင်းကျပ်လိုက်ပါတယ်။ အဲဒီအခါ တရုတ်ရင်းနှီးမြှုပ်နှံသူတွေက စည်းကမ်းကန့်သတ်ချက်ကင်းတဲ့ မြန်မာနိုင်ငံဘက်ကို လှည့်လာကြပါတယ်။

သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Global Witness ရဲ့ လေ့လာချက်တွေအရ၊ တရုတ်ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာနိုင်ငံ အရှေ့ပိုင်းနယ်စပ်က ဒေသခံလုပ်ငန်းရှင်တွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပေါင်းပြီး မြေရှားသတ္တုတွေကို ပွင့်လင်းမြင်သာမှုမရှိဘဲ တူးဖော်နေကြပါတယ်။ ပြီးတော့ အဲဒီကုန်ကြမ်းတွေကို ကားတွေနဲ့ တရုတ်နိုင်ငံထဲ သယ်ယူပြီး သန့်စင်ကြပါတယ်။

ဒီလုပ်ငန်းတွေကြောင့် လူသေဆုံးရတဲ့ မြေပြိုမှုတွေ၊ အဆိပ်သင့်ဓာတုပစ္စည်းတွေကြောင့် ရေထုညစ်ညမ်းမှုတွေ စတဲ့ ဆိုးကျိုးတွေ အများကြီးဖြစ်နေတယ်ဆိုတာ သုတေသနတွေနဲ့ သတင်းတွေက ဖော်ပြနေကြပါတယ်။

လျှပ်စစ်ကားတွေ၊ လေရဟတ်တွေနဲ့ တိကျစွာပစ်ခတ်နိုင်တဲ့ လက်နက်တွေ ထုတ်လုပ်ရာမှာသုံးတဲ့ "Heavy rare earths" ထွက်ရှိမှုမှာ မြန်မာနိုင်ငံဟာ ၂၀၂၂ ခုနှစ်ကစပြီး တရုတ်နိုင်ငံကိုတောင် ကျော်တက်သွားပြီလို့ Global Witness က တွေ့ရှိခဲ့ပါတယ်။

ဒါပေမဲ့ မြေရှားသတ္တု သန့်စင်တဲ့ စက်ရုံအများစုကတော့ တရုတ်နိုင်ငံမှာပဲ ရှိနေပါသေးတယ်။ တရုတ်အစိုးရက ဒီအားသာချက်ကို သုံးပြီး၊ အမေရိကန်က တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်တိုးကောက်တာကို တန်ပြန်တဲ့အနေနဲ့ မြေရှားသတ္တု တင်ပို့မှုကို ကန့်သတ်လိုက်ပါတယ်။

ဒီအတွက် ထရမ့်ပ်အစိုးရကလည်း ဂရင်းလန်းကနေ ယူကရိန်း ၊ ပါကစ္စတန်အထိ မြေရှားသတ္တု တူးဖော်ခွင့်ရဖို့ ကြိုးစားလာပါတယ်။ သြစတြေးလျ၊ ဂျပန်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေနဲ့လည်း ထောက်ပံ့ရေးကွင်းဆက်တွေ တည်ဆောက်ဖို့ သဘောတူညီချက်တွေ လက်မှတ်ထိုးခဲ့ပါတယ်။

အမေရိကန်အနေနဲ့ မြန်မာ့မြေရှားသတ္တုတွေကို အိန္ဒိယ ကနေတဆင့် ရယူဖို့ ကြိုးစားမယ်ဆိုရင်တောင် အခက်အခဲကြီးတွေ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ပထမအချက်က မသန့်စင်ရသေးတဲ့ ကုန်ကြမ်းတွေကို လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တောင်တန်းဒေသတွေကနေ သယ်ယူရမှာပါ။ အဲဒီဒေသတွေဟာ မြေယာနဲ့ သယံဇာတ အငြင်းပွားမှုတွေကြောင့် ဆယ်စုနှစ်နဲ့ချီပြီး လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတဲ့ နေရာတွေပါ။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေ ပိုပြင်းထန်လာတာနဲ့အမျှ နယ်မြေစိုးမိုးရေးသာမက ရန်ပုံငွေလိုအပ်ချက်တွေလည်း ပိုကြီးလာပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ KIA ဟာ စစ်ကောင်စီရဲ့ မဟာမိတ်အဖွဲ့ဆီကနေ ပန်ဝါ ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

KIA ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကတော့ မြေရှားသတ္တု တူးဖော်ခွင့်အသစ်တွေ မချပေးသေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီမှာ လုပ်ငန်းလုပ်နေဆဲ တရုတ်ကုမ္ပဏီတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းတွေကို လိုက်နာဖို့ သဘောတူညီချက်ရထားတယ်လို့ ဒီနှစ် ဇန်နဝါရီလမှာ ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံက ထွက်တဲ့ မြေရှားသတ္တုတွေကို အိန္ဒိယအထိ သယ်သွားနိုင်တယ်ပဲထားဦး၊ သန့်စင်ဖို့က နောက်ထပ် အခက်အခဲတခုဖြစ်နေပါတယ်။ ၂၀၂၄ ဒီဇင်ဘာလတုန်းက အိန္ဒိယအစိုးရပိုင် မြေရှားသတ္တုကုမ္ပဏီက တာဝန်ရှိသူတွေ KIA ထိန်းချုပ်နယ်မြေကို လာရောက်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ ဒါပေမဲ့ အိန္ဒိယမှာ စီးပွားဖြစ်ထုတ်လုပ်နိုင်တဲ့ မြေရှားသတ္တု သန့်စင်စက်ရုံတွေ မရှိသေးဘူးလို့လည်း အဲဒီသတင်းမှာပဲ ပါရှိပါတယ်။

နိုင်ငံတကာ ပထဝီနိုင်ငံရေး အခြေအနေတွေလည်း ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း အိန္ဒိယ-အမေရိကန် ဆက်ဆံရေးက အားနည်းနေခဲ့ပါတယ်။ ပြီးတော့ အိန္ဒိယနဲ့ တရုတ်ကလည်း ၂၀၂၂ ခုနှစ် နယ်စပ်ပဋိပက္ခအပြီး မကြာသေးခင်ကမှ သံတမန်ဆက်ဆံရေး ပြန်စထားတာပါ။

အိန္ဒိယ-မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူ အန်ရှူးမန်ချောင်ဒူရီက “အိန္ဒိယအနေနဲ့ တရုတ်နိုင်ငံဘေးကပ်လျက် နေရာမျိုးမှာ သတ္တုတူးဖော်ရေးလို အရေးကြီးတဲ့ကိစ္စအတွက် အမေရိကန်နဲ့ မပူးပေါင်းချင်လောက်ဘူး” လို့က သုံးသပ်ပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီ ၉ ရက်က လက်မှတ်ထိုးခဲ့တဲ့ အမေရိကန်-အိန္ဒိယ ကုန်သွယ်ရေး သဘောတူညီချက်နဲ့ ဉာဏ်ရည်တု (AI) နည်းပညာ ကွင်းဆက်လုံခြုံရေးအတွက် အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့မှာ အိန္ဒိယ ပါဝင်လာတာတွေက အပြောင်းအလဲတခု ဖြစ်နိုင်တယ်လို့ သူက ထောက်ပြပါတယ်။

အန်ရှူးမန် ချောင်ဒူရီက“အိန္ဒိယအနေနဲ့ သူတို့ကိုယ်ပိုင် မြေရှားသတ္တု ထောက်ပံ့ရေးလမ်းကြောင်းကိုလည်း ချဲ့ထွင်ချင်နေမှာပါ။ တရုတ်-အိန္ဒိယ ဆက်ဆံရေး ပြန်ကောင်းလာတာက မြန်မာပြည်မြောက်ပိုင်းက မြေရှားသတ္တုတွေရဖို့ ၂ နိုင်ငံ တိတ်တဆိတ် ပူးပေါင်းဆောင်ရွက်နိုင်မဲ့ လမ်းစတွေ ပွင့်လာစေပါတယ်။ ဒါပေမဲ့ ပေကျင်းကတော့ ဒီဒေသမှာ သူ့ရဲ့ လွှမ်းမိုးမှုကို ဆက်ထိန်းထားချင်မှာ အသေအချာပါပဲ” လို့ဆက်ပြောပါတယ်။

အန္တရာယ်များတဲ့ နိုင်ငံ

လွန်ခဲ့တဲ့လအနည်းငယ်အတွင်းမှာ အမေရိကန်အနေနဲ့ မြန်မာ့မြေရှားသတ္တုတွေကို ရယူဖို့ တိုက်တွန်းသံတွေ ထွက်ပေါ်လာပါတယ်။

ဇန်နဝါရီလမှာ အမေရိကန် စီးပွားရေးပညာရှင်နဲ့ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်ဟောင်း ဒေ့ဗ် ဘရတ်က Washington Times သတင်းစာမှာ ဆောင်းပါးတပုဒ် ရေးခဲ့ပါတယ်။ အမေရိကန်ရဲ့ မူဝါဒ အပြောင်းအလဲတခုအနေနဲ့ "မြန်မာနိုင်ငံက စွမ်းအင်နဲ့ ရှားပါးသတ္တု အခွင့်အလမ်းတွေ" မှာ ရင်းနှီးမြှုပ်နှံသင့်တယ်လို့သူက အကြံပြုထားပါတယ်။ အဲဒီဆောင်းပါးကို စစ်ကောင်စီပိုင် အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ Global New Light of Myanmar က ပြန်လည်ဖော်ပြခဲ့ပါတယ်။

ဖေဖော်ဝါရီလမှာလည်း နိုင်ငံတကာ အခွန်နှင့် ရင်းနှီးမြှုပ်နှံမှုစင်တာက ဝက်စလေ အလက်ဇန္ဒား ဟေးလ်ဆိုသူက Forbes မဂ္ဂဇင်းမှာ အလားတူ အကြံပြုချက်မျိုး ရေးသားခဲ့ပါတယ်။

မြေရှားသတ္တုကို အာရုံစိုက်လာတာ အခုမှဆိုပေမဲ့ အမေရိကန်တွေ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ ကြိုးစားတာက၂၀၁၀ ပြည့်လွန်နှစ်တွေကတည်းက စခဲ့တာလို့ သဘာဝသယံဇာတ ကျွမ်းကျင်သူက ဆိုပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေ၊ မြန်မာနိုင်ငံရဲ့ အားနည်းတဲ့ ဥပဒေတွေနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ စီးပွားရေးပတ်ဝန်းကျင်တွေကြောင့် အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေဟာ တရုတ်နဲ့ တခြားအာရှနိုင်ငံတွေလောက် မရဲဝံ့ခဲ့ကြပါဘူး။

“ဒါတောင်မှ တချို့အမေရိကန်တွေက ဒီပွင့်သစ်စ ဈေးကွက်ထဲဝင်ဖို့ နည်းလမ်းရှာခဲ့ကြတယ်” လို့ အလက်ဇန္ဒား ဟေးလ်က ပြောပါတယ်။

ဆယ်စုနှစ်တခုကြာ နိုင်ငံရေး၊ စီးပွားရေး တံခါးဖွင့်လာချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးလာခဲ့ပေမဲ့၊ ၂၀၂၁ အာဏာသိမ်းမှုကြောင့် အကြီးအကျယ် ထိခိုက်သွားပါတယ်။

အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ ဆက်တိုက်ထွက်လာပြီး ၂၀၂၂ မှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို မြောက်ကိုရီးယား၊ အီရန်တို့လိုပဲ အမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။

၂၀၂၃ မှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာစစ်ကောင်စီ လက်အောက်ခံ ဘဏ် ၂ ခုကို ပိတ်ဆို့ အရေးယူခဲ့ပါတယ်။ ဒီဘဏ်တွေဟာ လက်နက်ဝယ်ယူတာ အပါအဝင် နိုင်ငံခြားငွေလွှဲပြောင်းမှုတွေကို လုပ်ဆောင်ပေးနေလို့ ဖြစ်ပါတယ်။ “မြန်မာပြည်သူတွေကို ဆက်လက်ကူညီသွားမှာဖြစ်ပြီး၊ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ဆက်လုပ်နိုင်မဲ့ လမ်းကြောင်းတွေကိုပိတ်ဆို့သွားပါမယ်” လို့ ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

မူဝါဒဆိုင်ရာ ကြီးမားတဲ့ ဂယက်ရိုက်မှုများ

ထရမ့်ပ် အစိုးရလက်ထက်မှာ အမေရိကန်ရဲ့ မြန်မာ့အရေး မူဝါဒတွေထဲက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုတဲ့ အခန်းကဏ္ဍ ပြီးဆုံးသွားပြီလားဆိုပြီး ဒီဆောင်းပါးအတွက် အင်တာဗျူးခဲ့သူတွေက စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့နှစ်က စစ်ကောင်စီဟာ ရွေးကောက်ပွဲအတုအယောင်တခု ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ အမေရိကန်နဲ့ သံတမန်ဆက်ဆံရေး ရရှိဖို့အတွက် အမေရိကန် လော်ဘီကုမ္ပဏီ ၂ ခုကို ငှားရမ်းခဲ့ပါတယ်။ နိုင်ငံတကာလေ့လာသူတွေကတော့ ဒီရွေးကောက်ပွဲဟာ သံတမန်ရေးအရ အသိအမှတ်ပြုခံရဖို့ လုပ်တာလို့ သုံးသပ်ကြပါတယ်။ တရုတ်နဲ့ ရုရှားက ထောက်ခံပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အနောက်နိုင်ငံအများစုကတော့ ဒါဟာ အတုအယောင်ပဲလို့ ရှုတ်ချခဲ့ကြပါတယ်။

အဓိက အတိုက်အခံပါတီတွေ မပါဝင်နိုင်အောင် လုပ်ပြီး စစ်တပ်ကျောထောက်နောက်ခံ ပါတီက အနိုင်ရတယ်လို့ ကြေညာချိန်မှာ၊ (မြန်မာ့အရေးကိုင်တွယ်ရာမှာ ထိရောက်မှုမရှိဘူးလို့ ဝေဖန်ခံနေရတဲ့) အာဆီယံ (ASEAN) ကတောင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့ပါဘူး။ ဒါပေမဲ့ ထရမ့်ပ် အစိုးရလက်ထက် အမေရိကန်ကတော့ ပြည်ပရွေးကောက်ပွဲတွေအပေါ် မှတ်ချက်ပေးတာကို လျှော့ချထားပြီး ဘာထုတ်ပြန်ချက်မှ မထုတ်ခဲ့ပါဘူး။

“ပုံမှန်ဆိုရင် အမေရိကန်က ဒီလိုရွေးကောက်ပွဲတွေဟာ ယုံကြည်လက်ခံနိုင်စရာ မရှိဘူးလို့ ဦးဆောင်ပြီး ကြေညာလေ့ရှိပါတယ်။ အခုလို ဘာမှမပြောတာက ဒီမိုကရေစီကို ကာကွယ်မြှင့်တင်ဖို့ လက်ရှိအစိုးရမှာ စိတ်ဝင်စားမှု မရှိဘူးဆိုတာကို ပြနေတာပါ” လို့ ၂၀၁၆ ကနေ ၂၀၂၀ အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ စကော့ မာဆီယယ်က ပြောပါတယ်။

နိုင်ငံခြားအကူအညီတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဘတ်ဂျက်တွေကို အကြီးအကျယ် ဖြတ်တောက်လိုက်တာကြောင့် ကြီးကြပ်ကွပ်ကဲမှုတွေ အားနည်းသွားပြီး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မြှင့်တင်ဖို့ ဆယ်စုနှစ်နဲ့ချီ ကြိုးပမ်းခဲ့တဲ့ အမေရိကန်ရဲ့ သံတမန်ရေးရာတွေ ထိခိုက်သွားနိုင်တယ်လို့ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျုရဲ့ မြန်မာရေးရာအရာရှိဟောင်း ဘီလီဖို့ဒ်က သတိပေးပါတယ်။

မူဝါဒရေးရာ ညှိနှိုင်းဆောင်ရွက်ရတဲ့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍကလည်း ထရမ့်ပ်အစိုးရလက်ထက်မှာ တော်တော်လေး လျော့ကျသွားပါတယ်။

လုံခြုံရေးကောင်စီရဲ့ အရှေ့တောင်အာရှရေးရာ ဒါရိုက်တာဟောင်း ဟင်နရီတာလီဗင်က “ဌာနပေါင်းစုံ ချိတ်ဆက်ဆောင်ရွက်မှု အားနည်းသွားရင် ဆုံးဖြတ်ချက်ချမယ့်သူတွေအနေနဲ့ ပြည့်စုံတဲ့ သတင်းအချက်အလက်တွေရဖို့ အရမ်းခက်သွားပါလိမ့်မယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို ရှုပ်ထွေးတဲ့ ပြဿနာမျိုးမှာ ဒါဟာ မူဝါဒရေးရာအရ ကြီးမားတဲ့ ဂယက်ရိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်” လို့ ပြောပါတယ်။

အကျိုးဆောင်မှု မှတ်တမ်းများ

အဒမ်ကတ်စတီလိုကတော့ ဒီဆောင်းပါးအတွက် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ သူ့ရဲ့ LinkedIn ပရိုဖိုင်နဲ့ ဝက်ဘ်ဆိုက်မှာတော့ သူဟာ AGS Myanmar ဆိုတဲ့ “လုံခြုံရေးအန္တရာယ် စီမံခန့်ခွဲမှုကုမ္ပဏီ” ရဲ့ တည်ထောင်သူ၊ ပိုင်ရှင်နဲ့ ဥက္ကဋ္ဌဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြည်ပရောက် ရီပတ်ဘလီကန်များအဖွဲ့ရဲ့ မြန်မာနိုင်ငံဌာနခွဲ တည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်သလို၊ မကြာခင်ထွက်မဲ့ စာအုပ်တအုပ်ရဲ့ စာရေးဆရာလို့လည်း ဖော်ပြထားပါတယ်။

၂၀၂၃ ကနေ ၂၀၂၅ မေလအထိ သူဟာ လွှမ်းမိုးမှုရှိတဲ့ စီးပွားရေးအဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း (AMCHAM)ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်-မြန်မာ စီးပွားရေးဖိုရမ်ကိုလည်း သူက တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မေလက သူ AMCHAM ဥက္ကဋ္ဌရာထူးကနေ မဆင်းခင်လေးမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတခုရဲ့ မှတ်တမ်းအရ၊ သူတို့အသင်းဟာ အမေရိကန်လွှတ်တော်အမတ်တွေကို မြန်မာ့ဘဏ်လုပ်ငန်းတွေအပေါ် ပိတ်ဆို့အရေးယူမဲ့ ဥပဒေကြမ်းတွေ မလုပ်ဖို့ တားမြစ်ခဲ့တယ်လို့ သိရပါတယ်။

“မြန်မာကို စီးပွားရေးအရ အထီးကျန်ဖြစ်အောင် လုပ်လိုက်တာဟာ တခြား ပြင်ပလူတွေကို နေရာဖယ်ပေးလိုက်သလိုဖြစ်ပြီး၊ ကိုယ့်ရဲ့ ဗျူဟာမြောက် အားသာချက်ကို စွန့်လွှတ်လိုက်တာနဲ့ တူတယ်” လို့ အကြောင်းပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံကို FATF က အမည်ပျက်စာရင်းသွင်းတာနဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ နိုင်ငံရဲ့ “စီးပွားရေးအခွင့်အလမ်းတွေ”ကို ထိခိုက်စေတယ်ဆိုပြီး AMCHAM အနေနဲ့ ဆက်လက် ကန့်ကွက်သွားဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါဟာ အငြင်းပွားစရာ ရပ်တည်ချက်တခုပါ။ ၂၀၂၄ ဇွန်လတုန်းက ကုလသမဂ္ဂရဲ့ မြန်မာ့လူအခွင့်အရေးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ရဲ့ အစီရင်ခံစာမှာ မြန်မာစစ်ကောင်စီပိုင် ဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ ငွေကြေးအဖွဲ့အစည်းတွေဟာ အရပ်သားတွေကို တိုက်ခိုက်ရာမှာ ကူညီပေးရာရောက်နိုင်ခြေ မြင့်မားတယ်လို့ ဖော်ပြထားပါတယ်။

တွမ်အန်ဒရူးစ်ရဲ့ အစီရင်ခံစာထွက်ပြီး လပိုင်းအကြာမှာ AMCHAM ဟာ ပြင်ပက အကူအညီတွေကို ရယူခဲ့ပါတယ်။ ၂၀၂၄ ဒီဇင်ဘာလမှာ အမေရိကန်အခြေစိုက် လော်ဘီကုမ္ပဏီ Mercury Public Affairs, LLC ကို ငှားရမ်းခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ် သြဂုတ်လအထိ ဒေါ်လာ ၂၉၀,၀၀၀ ပေးချေခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

အဲဒီ Mercury ကုမ္ပဏီရဲ့ ဝါရှင်တန်ဒီစီရုံးခွဲ တွဲဖက်ဥက္ကဋ္ဌကတော့ လက်ရှိ သမ္မတ ထရမ့်ပ်ရဲ့ အိမ်ဖြူတော် အရာရှိချုပ်ဖြစ်လာတဲ့ ဆူဇီဝိုင်းလ်စ်ဖြစ်ပါတယ်။ ဒါပေမဲ့ သူနဲ့ AMCHAM ရဲ့ လော်ဘီလုပ်ငန်းတွေနဲ့ ပတ်သက်မှုရှိတယ်လို့တော့ မတွေ့ရပါဘူး။

AMCHAM အတွက် လုပ်ပေးနေတဲ့  Mercury က လူ ၂ ယောက်ထဲက တယောက်ကတော့ ပီတာ ကူဆစ်ပါ။ သူဟာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ OFAC မှာ အကြီးတန်း ပိတ်ဆို့အရေးယူမှုဆိုင်ရာ မူဝါဒအကြံပေးအဖြစ် ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ဖူးသူပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူက ပိတ်ဆို့အရေးယူမှုတွေဟာ သာမန်ပြည်သူတွေကိုပဲ ထိခိုက်စေတယ်လို့ ဝေဖန်ရေးသားခဲ့ဖူးပါတယ်။

သူဟာ အမေရိကန် ပိတ်ဆို့အရေးယူမှုဆိုင်ရာ ဥပဒေရေးရာကုမ္ပဏီတခုဖြစ်တဲ့ Ferrari & Associates နဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။ အဲဒီကုမ္ပဏီတည်ထောင်သူ အဲရစ် ဖာရာရီက ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက မြန်မာနဲ့ မြောက်ကိုရီးယားက လူနဲ့ကုမ္ပဏီတချို့ကို ပိတ်ဆို့အရေးယူမှုစာရင်းကနေ ပယ်ဖျက်ပေးနိုင်ခဲ့တယ်လို့ LinkedIn မှာ ဂုဏ်ယူဝင့်ကြွားစွာ ရေးသားခဲ့ပါသေးတယ်။ (မြန်မာဘက်က ဘယ်သူတွေလဲဆိုတာတော့ မပြောခဲ့ပါဘူး။)

ဒီလို ပယ်ဖျက်ပေးလိုက်တာကို တွမ်အန်ဒရူးစ်အပါအဝင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။ OFAC ရဲ့ လုပ်ထုံးလုပ်နည်းတွေအရ ပိတ်ဆို့အရေးယူမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပြင်ပလွှမ်းမိုးမှုကင်းကင်းနဲ့ လုပ်လေ့ရှိပေမဲ့၊ လက်ရှိနိုင်ငံရေး အခြေအနေတွေအရ အခုလို ပယ်ဖျက်လိုက်တာတွေရဲ့ ပွင့်လင်းမြင်သာမှုအပေါ် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ ဖာရာရီဟာ ဒီဆောင်းပါးအတွက် ဆက်သွယ်မေးမြန်းပြီးနောက်ပိုင်းမှာ အဲဒီ LinkedIn ပို့စ်ကို ဖျက်ပစ်ခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

ကချင်ပြည်နယ်က မြေရှားသတ္တုတူးဖော်ရေးရဲ့ အနာဂတ်

ပိတ်ဆို့အရေးယူမှု ကိစ္စတွေကို ခဏထားလိုက်ရင်တောင် မြန်မာနိုင်ငံက မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းရဲ့ အနာဂတ်ကတော့ မသေချာသေးပါဘူး။

၂၀၂၃ ခုနှစ်က လူထုဆန္ဒပြမှုတွေကြောင့် KIO ဟာ သူတို့နယ်မြေက မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းတခုကို ဖျက်သိမ်းခဲ့ရပါတယ်။ ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို လေးစားပါမယ်လို့ ကတိပေးထားပေမဲ့၊ တရားဝင် မူဝါဒ ဒါမှမဟုတ် ပွင့်လင်းမြင်သာတဲ့ စည်းမျဉ်းတွေတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဆယ်စုနှစ်နဲ့ချီပြီး ကချင်ပြည်နယ်က ကျောက်စိမ်း၊ မြေယာ၊ သစ်တောနဲ့ သယံဇာတတွေဟာ KIO နဲ့ သူ့ရဲ့ရန်သူတွေအတွက် ရန်ပုံငွေဖြစ်ခဲ့သလို၊ ဒေသခံ လူတန်းစားတရပ်နဲ့ တရုတ်စီးပွားရေးသမားတွေကိုလည်း ချမ်းသာစေခဲ့ပါတယ်။ ဒါပေမဲ့ သာမန်ပြည်သူတွေကတော့ နာတာရှည် စစ်ပွဲတွေ၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတာတွေ၊ မြေယာသိမ်းဆည်းခံရတာတွေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဒဏ်တွေကိုသာ ဆက်လက်ခံစားနေကြရပါတယ်။

ကချင်ပြည်နယ်ရဲ့ စီးပွားရေးဟာ တရုတ်နဲ့ နီးကပ်စွာ ဆက်စပ်နေပေမဲ့၊ အမေရိကန်ကလည်း သမိုင်းကြောင်းအရ ကြီးမားတဲ့ လွှမ်းမိုးမှုတွေ ရှိခဲ့ပါတယ်။ ၁၉ ရာစုအကုန်ပိုင်းမှာ အမေရိကန်က နှစ်ခြင်းခရစ်ယာန် သာသနာပြုတွေဟာ ကချင်လူမျိုးတွေဆီကို စာပေ ယူဆောင်လာပေးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း ကချင်စစ်သားတွေဟာ အမေရိကန်တွေနဲ့အတူ ဂျပန်တွေကို တိုက်ခိုက်ခဲ့ကြပါတယ်။

အမည်မဖော်လိုတဲ့ ကချင်တက်ကြွလှုပ်ရှားသူတယောက် “ကျနော်တို့ရဲ့ သမိုင်းကြောင်း၊ ဘာသာရေးအခြေခံတွေနဲ့ စုပေါင်းလက္ခဏာတွေ၊ ကျနော်တို့ရဲ့ တွေးခေါ်ပုံနဲ့ နေထိုင်မှုပုံစံတွေဟာ အမေရိကန်ပြည်သူတွေရဲ့ နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးပုံဖော်မှု ခံခဲ့ရပါတယ်” လို့ ပြောပါတယ်။

ဒီလို ယဉ်ကျေးမှုအရ ရင်းနှီးကျွမ်းဝင်မှုတွေ ရှိပေမဲ့လည်း၊ အမေရိကန်အနေနဲ့ ကချင်ပြည်နယ်မှာ ဘာပဲလုပ်လုပ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မြှင့်တင်ဖို့ကို အခြေခံရမယ်လို့ သူက အလေးပေးပြောပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူတွေ၊ မြေယာနဲ့ သယံဇာတတွေကိုလည်း ဂုဏ်သိက္ခာရှိရှိနဲ့ လေးလေးစားစား ဆက်ဆံရမယ်လို့ ဆိုပါတယ်။

“ကျနော်တို့မြေဟာ ရောင်းရန်မဟုတ်ပါဘူး။ ဒါဟာ အပြန်အလှန် အကျိုးစီးပွားတွေကို လေးစားဖို့နဲ့ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေအတွက် ရပ်တည်ဖို့ပါပဲ" လို့ ကချင်တိုင်းရင်းသားတယောက်က ပြောကြားခဲ့ပါတယ်။

အမ်မလီ ဖစ်ရှ်ဘိန်း

Ref: Pulitzer Center

( Pulitzer Center ဝက်ဆိုက်တွင် ဆောင်းပါးရှင် Emily Fishbein ရေးသားထားသည့် “‘Not for Sale’: Rare Earths Pitch Ignites Debate Over US-Myanmar Engagement” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013