
ကာကွယ်ရေးဆိုင်ရာ သိုလှောင်ကုန်စည်တွေ လျော့နည်းကျဆင်းနေချိန်မှာ ဂျာမနီနဲ့ အမေရိကန် လက်နက်ထုတ်လုပ်သူတွေကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုခိုင်မာအားကောင်းစေဖို့ ရည်ရွယ်တဲ့ စာချွန်လွှာတစောင်ကို ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ်နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟဂ်ဆီသ်တို့ စက်တင်ဘာ ၁၅ ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ပစ္စတိုးရီးယပ်စ်က ဟဂ်ဆီသ်နဲ့ ဆွေးနွေးခဲ့တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပြီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အသေးစိတ်အချက်အလက်တွေနဲ့ ဂျာမနီနိုင်ငံက တိုမာဟော့ခ် ခရုဇ်ဒုံးကျည်တွေ ဝယ်ဖို့ စီစဉ်ထားတာတွေနဲ့ ပတ်သက်လို့ ဆက်ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။
ဥရောပမှာ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေနဲ့ ပတ်သက်ပြီး ဂျာမနီနဲ့ အမေရိကန်တို့ သဘောထားချင်း တူကြပြီး ကာကွယ်ရေးအသုံးစရိတ်နဲ့ တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ဖို့ ဂျာမနီရဲ့ အရှိန်အဟုန်မြှင့် ကြိုးပမ်းအားထုတ်မှုတွေကို အမေရိကန် တာဝန်ရှိသူတွေက နားလည် သဘောပေါက်ပြီး အသိအမှတ်ပြုတယ်လို့ ပစ္စတိုးရီးယပ်စ်က ပြောခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးမှုအတွင်း သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့တယ်လို့ သံရုံးပြောရေးဆိုခွင့်ရှိသူ တယောက်က ပြောပါတယ်။
လက်နက်ဝယ်ယူမှုကြောင့် ဂျာမနီနိုင်ငံဟာ အမေရိကန်အပေါ် အလွန်အမင်း မှီခိုအားထားရမဲ့ အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘဲ အဲဒီအစား မဟာမိတ်နှစ်နိုင်ငံကြား ပိုကောင်းတဲ့ မျှတမှုရစေဖို့ အထောက်အကူပြုလိမ့်မယ်လို့ ပစ္စတိုးရီးယပ်စ်က အလေးပေး ပြောခဲ့ပါတယ်။
Source: Reuters











